နေပြည်တော် ၂၀ စက်တင်ဘာ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၀ အာရှ ယူ-၁၆ ခြေစစ်ပွဲ အုပ်စု (K) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် အာရှထိပ်သီး တောင်ကိုရီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့်သာ ရှုံးနိမ့်ခဲ့သည်။မြန်မာအသင်းသည် အဖွင့်ပွဲတွင် ထိုင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့သော်လည်း ယခုပွဲတွင် ပုံစံကောင်းပြသနိုင်ခဲ့ပြီး အာရှထိပ်သီး တောင်ကိုရီးယားအသင်းကို တစ်ဂိုးဖြင့်သာ ကပ်၍ ရှုံးနိမ့်ခဲ့သည်။ ခြေစွမ်းပိုင်း ကွာဟမှုများကြောင့် မြန်မာအသင်းသည် ခံစစ်အားပြုကစားခဲ့ပြီး တောင်ကိုရီးယားတိုက်စစ်ကို ထိန်းချုပ်နိုင်သော်လည်း ဒုတိယပိုင်းအစတွင် ပေးလိုက်ရသည့် ပယ်နယ်တီဂိုးကြောင့်သာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းနည်းပြချုပ် ဦးမင်းသူသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး တောင်ကိုရီးယားတိုက်စစ်ကို ထိန်းချုပ်နိုင်ရန် အဆင့်ဆင့်ပိတ်ဆို့ကစားခဲ့သည်။ တောင်ကိုရီးယားအသင်းသည် တွဲလုံးများဖြင့် ထိုးဖောက်ရန် ကြိုးပမ်းသော်လည်း မြန်မာအသင်းက အဆင့်ဆင့်ပိတ်ဆို့ကစားခဲ့သောကြောင့် ထိရောက်သည့်ဂိုးသွင်းခွင့်မရခဲ့ပေ။ ပထမပိုင်းတွင် တောင်ကိုရီးယားအသင်းက တောက်လျှောက်ဖိကစားနိုင်သော်လည်း ထိရောက်သည့်ဂိုးသွင်းခွင့်အနည်းငယ်သာရခဲ့ပြီး ပထမပိုင်းတွင် ဂိုးမရှိသရေကျနေသည်။ ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းက ဂိုးမပေးရရန် ခံစစ်ကစားခဲ့ပြီး တောင်ကိုရီးယားအသင်းက ဂိုးရရန် တိုက်စစ်မြင့်ခဲ့သည်။ ၄၉ မိနစ်တွင် တောင်ကိုရီးယားအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး အငြင်းပွားဖွယ်အနေအထားမှ ပေးလိုက်ရခြင်းဖြစ်သည်။
ယင်းပယ်နယ်တီကို တိုက်စစ်မှူး ချန်ဟာမင်က အမှားအယွင်းမရှိကန်သွင်းခဲ့၍ တောင်ကိုရီးယားအသင်း အနိုင်ဂိုးရခဲ့သည်။ ယင်းနောက်ပိုင်းတွင် တောင်ကိုရီးယားအသင်း ဂိုးထပ်ရရန် ကြိုးပမ်းသော်လည်း မြန်မာအသင်း အမှားအယွင်းမရှိ ပိတ်ဆို့ကစားနိုင်ခဲ့ပြီး ပယ်နယ်တီဂိုးဖြင့် အရေးနိမ့်ခဲ့ရသည်။ထိုင်းနှင့် တရုတ်တိုင်ပေအသင်းတို့ပွဲတွင် ထိုင်းအသင်းက ခြောက်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယခုပွဲအပြီးတွင် အုပ်စု (K) ၌ တောင်ကိုရီးယားနှင့် ထိုင်းအသင်းက ခြောက်မှတ်စီရထားပြီး ခြေစစ်ပွဲအောင်ရန် အပြိုင်ဖြစ်နေသည်။ မြန်မာနှင့် တရုတ်တိုင်ပေအသင်းမှာမူ နှစ်ပွဲစလုံး ရှုံးနိမ့်ထားသောကြောင့်အမှတ်မရသေးဘဲ ခြေစစ်ပွဲအောင်မြင်ခွင့် ဆုံးရှုံးခဲ့ရသည်။
အုပ်စုနောက်ဆုံးနေ့ကို စက်တင်ဘာ ၂၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး တောင်ကိုရီးယားနှင့် ထိုင်း၊ မြန်မာနှင့် တရုတ်တိုင်ပေအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်