ရန်ကုန် ၁၆ ဖေဖော်ဝါရီ


အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီး ခြေစစ်ပွဲ ဒုတိယအဆင့်အုပ်စုများ ထုတ်ပြန်လိုက်ပြီဖြစ်ရာ မြန်မာအသင်းသည် အုပ်စု(က)တွင် ကျရောက်ခဲ့သည်။


ဒုတိယအဆင့်အုပ်စုတွင် အသင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးသင်းနှစ်အုပ်စု ခွဲထားကာ အုပ်စု (က) တွင် သြစတြေးလျ၊ ဥဇဘက်ကစ္စတန်၊ မြန်မာ၊ နီပေါ၊ အုပ်စု (ခ) တွင် တောင်ကိုရီးယား၊ ဗီယက်နမ်၊ အီရန်နှင့် လက်ဘနွန်အသင်းတို့ ပါဝင်နေသည်။ ယင်းအုပ်စုပွဲများကို မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားပြီး မြန်မာအသင်းပါဝင်သော အုပ်စု (က) ပွဲစဉ်များကို ဧပြီ ၂၆ ရက်မှ ၃၀ ရက်အထိ မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။ 

ခြေစစ်ပွဲကျင်းပမည့်ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် အခွင့်အရေး ရှိနေခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ဆက်လက်ကိုင်တွယ်နေပြီး ခြေစစ်ပွဲအကြို ပြင်ဆင်မှုများအဖြစ် မတ်လတွင် ဂျပန်-အာဆီယံ ဖိတ်ခေါ်ပြိုင်ပွဲ၊ ဧပြီတွင် ထိုင်းခြေစမ်းခရီးစဉ်တို့ သွားရောက်မည်ဖြစ်သည်။


မြန်မာအသင်းသည် ပထမအဆင့်ခြေစစ်ပွဲတွင်  လာအိုအသင်းကို လေးဂိုး-သုံးဂိုးဖြင့် ရှုံးသော်လည်း အီရန်ကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး အကောင်းဆုံးအုပ်စုဒုတိယဖြင့် ဒုတိယအဆင့် ခြေစစ်ပွဲသို့ တက်ရောက်လာခြင်း ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်