ရန်ကုန် ၂ မတ်

မတ် ၂၂ ရက်မှ ၂၆ ရက်အထိ ကျင်းပမည့် ၂၀၂၀ အာရှ ယူ-၂၃ ခြေစစ်ပွဲ အုပ်စုပွဲများယှဉ်ပြိုင်ရန် မြန်မာ ယူ-၂၂ အသင်းကို ပဏာမကစားသမား ၂၈ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် အာဆီယံ ယူ-၂၂ ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် ကစားသမားအများစုကို အခြေခံကာ လူသစ်ကစားသမား ခုနစ်ဦး အားဖြည့်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အာဆီယံ ယူ-၂၂ ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့်အသင်းမှ ကစားသမား ၂၁ ဦး ပြန်လည်ရွေးချယ်ခဲ့ပြီး ဒဏ်ရာမှ ပြန်ကောင်းလာသည့် စအောင်ပြည့်ကိုနှင့် အောင်ကောင်းမာန်၊ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲကြောင့် မပါဝင်နိုင်ခဲ့သည့် ရန်ကုန်အသင်းမှ ကစားသမားများကိုလည်း ထပ်မံရွေးချယ်ခဲ့သည်။

ယခုဖွဲ့စည်းလိုက်သည့် မြန်မာ ယူ-၂၂ အသင်းတွင် နည်းပြချုပ်- ပိုပေါ့ဗ်၊ လက်ထောက်နည်းပြ- ဦးချစ်နိုင်၊ ဦးစိုးမြတ်မင်း၊ ကြံ့ခိုင်ရေးနည်းပြ- ဟွမ်ရိုမန်၊ ဂိုးနည်းပြ- ဦးအောင်ကျော်ကျော်၊ ဂိုးသမား- ဘုန်းသစ္စာမင်း (ရှမ်း)၊ ဆန်းဆက်နိုင် (ရန်ကုန်)၊ စိုးအာကာ (မကွေး)၊ ထွန်းနန္ဒဦး (မြဝတီ)၊ နောက်တန်း- ဝင်းမိုးကျော် (မကွေး)၊ ထူးခန့်လွင်၊ သူရိန်စိုး (ရန်ကုန်)၊ ရဲရင့်အောင် (၁) (ရတနာပုံ)၊ ဇင်ရဲနောင် (အား/ကာသိပ္ပံ)၊ စိုးမိုးကျော် (ဧရာဝတီ)၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း၊ ဇွဲထက်မင်း (ရှမ်း)၊ အလယ်တန်း- လွင်မိုးအောင် (ဧရာဝတီ)၊ အောင်နိုင်ဝင်း၊ မြတ်ကောင်းခန့်၊ ရဲရင့်အောင် (၂) (ရတနာပုံ)၊ မြတ်ထွန်းသစ်၊ ဇေယျာနိုင်၊ စိုးလွင်လွင် (မကွေး)၊ ဟိန်းထက်အောင် (ဟံသာဝတီ)၊ ဇွဲသက်ပိုင် (ရှမ်း)၊ ရှေ့တန်း- ကောင်းထက်စိုး၊ လွှမ်းမိုးဦး (ရန်ကုန်)၊ ဝင်းနိုင်ထွန်း (ရတနာပုံ)၊ ထက်ဖြိုးဝေ၊ စအောင်ပြည့်ကို (ရှမ်း)၊ အောင်ကောင်းမာန် (ဧရာဝတီ) တို့ ပါဝင်ကြသည်။

မြန်မာ ယူ-၂၂ အသင်းသည် မတ် ၄ ရက် ညနေပိုင်းတွင် လေ့ကျင့်မှုစတင်ပြုလုပ်မည်ဖြစ်ပြီး ခြေစစ်ပွဲမတိုင်မီ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် မတ် ၉ ရက်တွင် စင်ကာပူလိဂ်၌ လာရောက်ကစားနေသည့် ဂျပန်ကလပ် နီဂါတာအသင်းနှင့် ရန်ကုန်မြို့၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပြည်တွင်းခြေစမ်းပွဲများလည်း ထပ်မံကစားမည်ဖြစ်သည်။

မြန်မာအသင်း ပါဝင်သည့်အာရှ ယူ-၂၃ ခြေစစ်ပွဲကို ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး ဂျပန်၊ မကာအို၊ တီမောအသင်းတို့နှင့်အတူ ကျရောက်နေသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်