၁၃  အောက်တိုဘာ

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာမိုဒီနှင့် ဒုတိယအကြိမ် “အလွတ်သဘော ထိပ်သီးဆွေးနွေးပွဲ” ပြုလုပ်နိုင်ရန် အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူး ပြည်နယ် မြို့တော်ချန်နိုင်း (ယခင် အခေါ်အဝေါ် မဒရပ်)သို့ အောက်တိုဘာ ၁၁ ရက်တွင် ဆိုက်ရောက်လာခဲ့သည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ ကျွန်ုပ်တို့၏ အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး အနေအထားကို စေ့ငုလေ့လာမိလေ၏။

သမ္မတ ရှီ အိန္ဒိယနိုင်ငံသို့ လာရောက်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသ၌ အထူးအုပ်ချုပ်ခွင့်ရ အဆင့်အတန်းပေးခဲ့ခြင်းကို ပြန်လည်ရုပ်သိမ်းရန် ဝန်ကြီးချုပ် မိုဒီက ဆုံးဖြတ်ခဲ့ရာမှ ဒေသတွင်း တင်းမာမှုဖြစ်ပေါ်ခဲ့ရပြီးနောက် တရုတ်ခေါင်းဆောင်၏ ခရီးစဉ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကက်ရှ်မီးယားအရေးတွင် တရုတ်နိုင်ငံက အိန္ဒိယ၏ ပြိုင်ဘက်ပါကစ္စတန် နိုင်ငံဘက်မှ ရပ်တည်ခဲ့ခြင်းကြောင့် နိုင်ငံကြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးအနေအထားမှာ အခိုက်အတန့်မျှ ယိမ်းယိုင်သွားခဲ့ရသည်။

ပြည်ဖုံးကားချ

သို့ဖြစ်စေကာမူ အောက်တိုဘာ ၁၁-၁၂ ရက် “အလွတ်သဘော ထိပ်သီးဆွေးနွေးပွဲ” ဖြစ်ပေါ်လာခြင်းနှင့်အတူ သံတမန်ဆက်ဆံရေး တင်းမာခဲ့ရမှုကို ပြန်လည်ပြည်ဖုံးကားချလျက် နှစ်နိုင်ငံမိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများဖြစ်ပေါ်လာစေရန် အခွင့်အလမ်းတစ်ရပ်ကို ပေးစွမ်းလေသည်။

မိုဒီနှင့်ရှီ တို့သည် ၂၀၁၈ ခုနှစ် ဧပြီလအတွင်းက တရုတ်နိုင်ငံ ဝူဟန်းမြို့ရှိ အပန်းဖြေစခန်းတစ်ခုတွင် နောက်ဆုံးတွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ကြသည်။

ကက်ရှ်မီးယားဒေသ၏ အထူးအုပ်ချုပ်ခွင့်ရဒေသ အဆင့်အတန်းကို ဝန်ကြီးချုပ် မိုဒီက ပြန်လည် ဖျက်သိမ်းခဲ့ချိန်က တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေဆိုင်ရာ အချုပ်အခြာအာဏာ ထိပါးခံရဘိအလား တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနှင့်ပါကစ္စတန်တို့ လွတ်လပ်ရေး ရရှိခဲ့ချိန်မှစ၍ ကက်ရှ်မီးယားဒေသသည် ယင်းနှစ်နိုင်ငံအတွက် ပိုင်နက်နယ်မြေ အငြင်းပွားမှုဖြစ်ပေါ်ရခြင်း၏ ရေသောက်မြစ် ဖြစ်ခဲ့ရသည်။ အဆိုပါနှစ်နိုင်ငံအပြင် တရုတ်နိုင်ငံကလည်း ကက်ရှ်မီးယားဒေသ၏ နယ်မြေ တစ်စိတ်တစ်ဒေသကို ပိုင်စိုးသည်ဟု ယခင်ကပင်လျှင် အခိုင်အမာပြောကြားနေခဲ့သည်။

ဝိသေသနပုဒ်များတိုးလာ

ကက်ရှ်မီးယားဒေသ ဟူသည်ကား အိန္ဒိယတိုက်ငယ်၏ မြောက်ဘက်စူးစူးရှိ ဒေသတစ်ခုပါပေတည်း။ ၁၉ ရာစုနှစ်လယ် ကာလအထိ ယင်းဒေသကို ဟိမဝန္တာတောင်တန်းဒေသနှင့် ပီးရ်ပန်ဂျားဒေသအကြားရှိ ကက်ရှ်မီးယားတောင်ကြား ဒေသဟူ၍သာ ခေါ်တွင်ခဲ့ကြသည်။ ယနေ့ ကာလတွင်မူ ပိုမိုကျယ်ပြန့်သည် နယ်မြေ အပိုင်းအခြား အကျုံးဝင်ပါရှိလာကာ အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားဒေသ၊ ပါကစ္စတန် အုပ်ချုပ်သော ကက်ရှ်မီးယားဒေသ၊ တရုတ်အုပ်ချုပ်သော ကက်ရှ်မီးယားဒေသဟူ၍ ဝိသေသနပုဒ်များ တိုးလာခဲ့သည်။

အိန္ဒိယနိုင်ငံသည် ယနေ့ကာလတွင် ကက်ရှ်မီးယားဒေသ၏ ၄၅ ရာခိုင်နှုန်းခန့်ကို လည်းကောင်း၊ ပါကစ္စတန်နိုင်ငံက ၃၅ ရာခိုင် နှုန်းခန့်ကို လည်းကောင်း၊ တရုတ်နိုင်ငံက ၂၀ ရာခိုင်နှုန်းခန့်ကိုလည်းကောင်း အသီးသီး အချုပ်အခြာအာဏာ သက်ရောက်လျက်ရှိကြသည်။

ပါကစ္စတန်ဝန်ကြီးချုပ် အီမရာခန်းသည် မကြာသေးမီက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ကက်ရှ်မီးယား အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

၁၉၆၂ ခုနှစ်တွင် နယ်စပ်စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် အယုံအကြည်ကင်းမဲ့မှု လက္ခဏာများကို အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငံစလုံးတို့က ထုတ်ဖော်ပြသခဲ့ကြသည်။ တရုတ်နိုင်ငံ တိဗက်ဒေသ၏ ဘာသာရေးခေါင်းဆောင် ဒလိုင်းလာမာအား ပြည်ပြေးတစ်ဦးအဖြစ် အိန္ဒိယနိုင်ငံက ခိုလှုံခွင့် ပေးထားခြင်း၊ အိန္ဒိယ၏ဒေသတွင်း ပြိုင်ဘက်နိုင်ငံ ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့ ဆက်ဆံရေး တိုးတက်ခိုင်မာနေခြင်း စသည့်အကြောင်းတရားများကြောင့် တရုတ်နှင့် အိန္ဒိယဆက်ဆံရေးမှာ နီးလျက်နှင့် နွေးထွေးမှု နည်းပါးနေခဲ့ရသည်။

သွယ်တန်းတည်ရှိ

အိန္ဒိယနိုင်ငံ အာရူနာချယ်လ်ပရာဒေ့ရှ် ပြည်နယ်၏ စတုရန်းကီလိုမီတာ ၉၀၀၀၀ ခန့် ကို မိမိတို့ပိုင်ဆိုင်သည်ဟု တရုတ်နိုင်ငံက ကြေညာထားသည်။ ယင်းပြည်နယ်၏ နယ်မြေ အချို့သည် တိဗက်ဒေသ၏ တောင်ဘက်ခြမ်း တွင် ဆက်စပ်ပါဝင်သည်ဟု တရုတ်နိုင်ငံက ဆိုထားသည်။ ၎င်းအပြင် အက်စိုင်းချင်ကုန်းမြင့်ဒေသ၏ စတုရန်းကီလိုမီတာ ၃၈၀၀၀ ခန့်ကိုလည်း မိမိတို့ပိုင်ဆိုင်သည်ဟု တရုတ်နိုင်ငံက ကြွေးကြော်ထားသည်။ တရုတ်နှင့် အိန္ဒိယတို့အကြား ပိုင်နက်နယ်မြေ အငြင်းပွားနေကြသော အက်စိုင်းချင်ဒေသသည် တရုတ်နိုင်ငံ ရှင်ကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တစီတတန်း သွယ်တန်းတည်ရှိနေသော ဒေသဖြစ်သည်။

ပိုင်နက်နယ်မြေ အငြင်းပွားမှုကို အကြောင်းပြု၍ နယ်စပ်ဒေသတွင် အသေးစားပစ်ခတ်မှုများ အခါအားလျော်စွာ ဖြစ်ပေါ်ခဲ့ဖူးသည်။ လွန်ခဲ့သည့်နှစ်ကမူ တရုတ်နိုင်ငံကရော ဘူတန်နိုင်ငံကပါ ပိုင်ဆိုင်သည်ဟု ကြေညာထားသော ဒေါ်ကလမ်ဒေသ၌ နှစ်လကြာမျှ နှစ်ဖက်တပ်များအကြား ထိပ်တိုက်တွေ့ခဲ့ကြ သေးသည်။

ဒေသတွင်း ပြိုင်ဘက်နိုင်ငံများအဖြစ် ရပ်တည်နေခဲ့ကြသော အိန္ဒိယနှင့်တရုတ်နိုင်ငံတို့မှာ အစဉ်အမြဲ အားပြိုင်နေကြဆဲဖြစ်သည်။ တောင်အာရှဒေသတွင် တရုတ်နိုင်ငံက စီးပွားရေး၊ စစ်ရေးနှင့် သံတမန်ရေးတို့အရ အားကောင်းမောင်းသန် ဖြစ်လာမှုကို အိန္ဒိယနိုင်ငံက စိုးရိမ်စိတ်ဖြင့် လေ့လာစောင့်ကြည့်ခဲ့ရသည်။ တောင်အာရှဒေသဟူသည် မဟာဗျူဟာအရ အိန္ဒိယနိုင်ငံ၏ ခြံနောက်ဖေးအရပ်ဒေသအဖြစ် တည်ရှိသည်ဟု မှတ်ယူထားသော ဒေသဖြစ်သည်။

အမေရိကန်နှင့် ဂျပန်နိုင်ငံကဲ့သို့သော နိုင်ငံများနှင့် ဆက်ဆံရေးနွေးထွေးလာသော အိန္ဒိယနိုင်ငံ၏ သံတမန်ရေး လှုပ်ရှားမှုများကို တရုတ်နိုင်ငံက စိုးရိမ်တကြီးလေ့လာ စောင့်ကြည့်ခဲ့ရသည်။ အိန္ဒိယနိုင်ငံသည် မကြာသေးမီ ကာလမှစ၍ Quad ဟု ခေါ်တွင်သော အုပ်စုတွင် သူ၏အခန်းကဏ္ဍကို မြှင့်တင်လာသည်။ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် ဩစတြေးလျနိုင်ငံတို့ပါဝင်သော လေးပွင့်ဆိုင်အုပ်စုသည် “အာရှ-ပစိဖိတ်” ဒေသအဝန်း အဝိုင်းထက်ပင် ပိုမိုကျယ်ပြန့်သည့် “အင်ဒို- ပစိဖိတ်” ဒေသအဝန်းအဝိုင်းကို ဖော်ဆောင်လျက်ရှိသည်။

အာရှ၏နေတိုး

အဆိုပါ လေးပွင့်ဆိုင်အုပ်စုသည် အာရှဒေသတွင် လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ဦးတည်လျက်ရှိရာ “အာရှ၏နေတိုး” အုပ်စုဟူ၍ပင် ညွှန်းဆိုလာရသည်။ တရုတ်နိုင်ငံကို လုံခြုံရေးအရ အင်အားပြန်လည် ထိန်းညှိရန် ရည်ရွယ်သည်ဟု ဆိုကြသည်။

Quad ဟူသည်ကား လေးပွင့်ဆိုင် လုံခြုံရေးဆွေးနွေးရေးအုပ်စု(ဝါ) Quadrilateral Security Dialogue ဟု အဓိပ္ပာယ်ဖွင့်ဆို နိုင်သည်။ ဖော်ပြပါလေးနိုင်ငံအတွင်း မဟာဗျူဟာအရ ဆွေးနွေးညှိနှိုင်းမှုများကို အလွတ်သဘော ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ၂၀၀၇ ခုနှစ်တွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အစပျိုးမှု၊ အမေရိကန် ဒုတိယသမ္မတဒစ်ချေနီ၏ အားပေးထောက်ခံမှု၊ ဩစတြေးလျဝန်ကြီးချုပ် ဂျွန်ဟောင်းဝပ်နှင့် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် လေးပွင့်ဆိုင်အုပ်စုကြီး ပေါ်ထွန်းခဲ့လေသည်။

အုပ်စုဝင်နိုင်ငံများသည် နှစ်စဉ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကိုလည်း ပြုလုပ်လေ့ ရှိကြသည်။ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန် ပြည်ထောင်စုတို့၏ “မာလာဘာ”ဟု အမည် ပေးထားသော ပင်လယ်ရေကြောင်း ပူးတွဲ လေ့ကျင့်မှုကို ပြီးခဲ့သည့် စက်တင်ဘာလကုန် တွင် ဂျပန်နိုင်ငံ ပင်လယ်ကမ်းရိုးတန်းဒေသ၌ ပြုလုပ်ခဲ့ကြသေးသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် စစ်ရေး စွမ်းပကားတို့အရ တန်ခိုးထွားလာမှုကို တန်ပြန်သွားရန် လေးပွင့်ဆိုင် အုပ်စုက ဦးတည်နေကြောင်း ကျွန်ုပ်လေ့လာတွေ့ရှိ ရသည်။

ဒေသတွင်း အားပြိုင်မှုများမည်သို့ပင် ရှိနေစေကာမူ သံတမန်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် သမ္မတ ရှီနှင့် ဝန်ကြီးချုပ် မိုဒီတို့ ဦးတည်လာခြင်းမှာ အပြုသဘောဆောင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြီးစွာ အထောက်အကူဖြစ်ပေလိမ့်မည်။

တရုတ်သမ္မတ ရှီသည် အိန္ဒိယခရီးစဉ်၏ ပထမနေ့တွင် ရှေးဟောင်းဘုရားကျောင်းများ တည်ရှိရာ မြို့ငယ်လေးဖြစ်သော မဟာပါလိပုရာဏ်မြို့တွင် အိန္ဒိယယဉ်ကျေးမှု၏ အငွေ့အသက်များကို နွေးထွေးစွာ တွေ့ထိခံစားခဲ့သည်။ “မိုနိုလစ်သစ်” ကျောက်ဆစ် လက်ရာများဖြင့် အတိပြီးသော အံ့ချီးဖွယ်ရာ အထိမ်းအမှတ် နေရာများတွင် သမ္မတ ရှီသည် အိန္ဒိယဝန်ကြီးချုပ်နှင့်အတူ တည်ငြိမ်အေးချမ်းစွာ ရှိနေခဲ့သည်။

သောင်းပြောင်းထွေလာ

ဘင်္ဂလားပင်လယ်အော်ကို စီးမိုးတွေ့မြင်နိုင်သည့် ပင်လယ်ကမ်းခြေအပန်းဖြေစခန်းရှိ Taj Fisheman’s Cove ဟိုတယ်ကြီးတွင် ခေါင်းဆောင်နှစ်ဦးတို့ အောက်တိုဘာ ၁၁ ရက်က မိနစ် ၁၅၀ ကြာမျှ စကားပြောဆိုခဲ့ရာ မူလသတ်မှတ်ထားချိန်ထက်ပင် ကျော်လွန်သွားခဲ့သည်။ သောင်းပြောင်းထွေလာ ရေးရာများတွင် ကုန်သွယ်ရေးလိုငွေပြမှုနှင့် ကုန်သွယ်ရေးမညီမျှမှုတို့ ပါဝင်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

နှစ်နိုင်ငံ အတူတကွ ရင်ဆိုင်ကြုံတွေ့နေကြရသော အကြမ်းဖက်မှုနှင့် ဘာသာရေး အစွန်းရောက်မှုတို့ကို လက်တွဲတိုက်ဖျက်သွားကြရန် ခေါင်းဆောင်နှစ်ဦးတို့ သဘော တူညီခဲ့ကြသည်။

သမ္မတ ရှီ၏ အိန္ဒိယခရီးစဉ် ဒုတိယမြောက်နေ့တွင် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ပြဿနာရပ်များကို အလေးအနက်ပြု ဆွေးနွေးကြမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဗီဂျေးဂိုခါလီက ပြောကြားခဲ့သည်။

နှစ်ရက်ကြာ အလွတ်သဘော ဆွေးနွေးပွဲများအပြီးတွင် ခေါင်းဆောင်နှစ်ဦးတို့က ကြေညာချက်များကို အသီးသီးထုတ်ပြန် သွားရန်ရှိသည်။ နှစ်နိုင်ငံပြည်သူများ အချင်းချင်း တွေ့ထိဆက်ဆံမှုမြှင့်တင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရေး၊ ကီလိုမီတာ ၃၅၀၀ ရှည်လျားသော နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုထိန်းသိမ်းရေး စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။

အတိတ်ကြောင်းခြင်းရာများအရ အားပြိုင်မှုများနှင့် တင်းမာမှုများမည်သို့ပင် ရှိခဲ့စေကာမူ အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်သို့ အလွတ်သဘောဆွေးနွေးရန် ချစ်ကြည်ရေး ခရီးရောက်ရှိခဲ့သည့် တရုတ်ခေါင်းဆောင်နှင့် အိမ်ရှင်ဝန်ကြီးချုပ် မိုဒီတို့၏ “ချန်နိုင်း” အလွတ်သဘော ဆွေးနွေးမှုများသည် အာရှဒေသရှိ အင်အားအကြီးဆုံးနိုင်ငံကြီး နှစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရေးခေတ်သစ်ကို ထူထောင်နိုင်ခြင်းအဖြစ် ကျွန်ုပ်တွေ့မြင်ရပုံကို တွေးတောမိရင်း “အာရှအိမ်နီးချင်းကောင်း အပေါင်းလက္ခဏာဆောင်”ဟု ကျူးရင့်မိပါသတည်း။ ။

ကိုရင်ဩ

Ref: China’s Xi Jinping visits India with ties strained by Kashmir (DW)