၁၈ ဇူလိုင်

အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာရှဘောလုံးအဖွဲ့ချုပ် (AFC)၏ လူမူရေးလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ရေးကော်မတီ (AFC Social Responsibility Committee) ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံရသည်။

အဆိုပါ လူမူရေးလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ရေး ကော်မတီကို  ယခင်က ဆော်ဒီအာရေဗျနိုင်ငံမှ Ahmed Eid S. AL Harbi ကဥက္ကဋ္ဌအဖြစ် ဆောက်ရွက်ခဲ့ပြီး ယခုသက်တမ်းတွင် မြန်မာနိုင်ငံနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဥက္ကဋ္ဌတာဝန်များ လွှဲပြောင်းထမ်းဆောင်သွားမည်ဖြစ်သည်။ လူမူရေးလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ရေးကော်မတီအနေဖြင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)၊ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)၊ နှင့် နိုင်ငံတကာလူမူရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အာရှတိုက်အတွင်းရှိ နိုင်ငံများ၏ လူမူရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ ဦးဇော်ဇော်သည် ယခုနှစ်အတွင်း ပြန်လည်ရွေးချယ်တင်မြောက်သည့် အာရှဘောလုံးအဖွဲ့ချုပ်တွင် ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခြင်းခံရပြီး မြန်မာ့ဘောလုံးသမိုင်းတွင် ပထမဆုံး အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြောက်ခံရခြင်းဖြစ်သည်။ ဦးဇော်ဇော်သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ၂၀ဝ၅ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်းလက်ထက်တွင် လက်ရွေးစင်နှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများမှာ နိုင်ငံတကာပြိုင်ပွဲများတွင် ထိုက်သင့်သည့်အောင်မြင်မှုများရခဲ့သလို မြန်မာ့ဘောလုံးသမိုင်းတွင် ပထမဆုံးအဖြစ် ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

ထို့ပြင် ဦးဇော်ဇော် လက်ထက်တွင် အာရှဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်သည့် Dream Asia Awards ရရှိခဲ့သလို အာဆီယံဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်သည့် အကောင်းဆုံးဘောလုံးအဖွဲ့ချုပ်ဆုကို ၂၀၁၃ နှင့် ၂၀၁၅ ခုနှစ်တွင် နှစ်ကြိမ်ဆက်တိုက် ရရှိခဲ့သည်။ ထို့ပြင် အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာဆီယံဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်သည့် ၂၀၁၆ ခုနှစ်အတွက် Asean Goodwill Awards ဆု ရရှိခဲ့သည်။ ဦးဇော်ဇော်သည် ဧရာဝတီဖောင်ဒေးရှင်း တည်ထောင်ကာ လူမှုရေး အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသူဖြစ်ပြီး လိုအပ်သည့်နေရာများတွင် လှူဒါန်းခြင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်သည့် နေရာဒေသများတွင် လှူဒါန်းမှုများ ပြုလုပ်ခဲ့သူဖြစ်သည်။

သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-MFF