ရန်ကုန်၊ ၂၀ ဒီဇင်ဘာ
အာရှဘောလုံးအဖွဲ့ချုပ်သည် အဖွဲ့ဝင်နိုင်ငံများမှ ကလပ်အသင်းများအား နှစ်စဉ် ကလပ်လိုင်စင်များ ပြုလုပ်စေလျက်ရှိပြီး ၂၀၂၁ ခုနှစ်အတွက် ကလပ်လိုင်စင်အောင်မြင်သည့် မြန်မာကလပ်အသင်း ၁၅ သင်းအထိ ရှိခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၀ ရာသီတွင် ရာသီကုန်အထိ ယှဉ်ပြိုင်ခဲ့သည့် MNL ကလပ်အသင်း ၁၀ သင်း၊ MNL-2 (ပထမတန်း)ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည့် အသင်းရှစ်သင်းအနက် ပြိုင်ပွဲအတွေ့အကြုံ ရစေရန် ဝင်ရောက်ယှဉ်ပြိုင်သည့် မြန်မာ ယူ-၁၉ (ခ) Junior Lions အသင်းမှလွဲ၍ ကျန်ခုနစ်သင်း စုစုပေါင်း ၁၇ သင်းမှာ ကလပ်လိုင်စင်ပြုလုပ်ခဲ့ရာ ၁၅ သင်း အောင်မြင်ခဲ့ခြင်းဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ကလပ်လိုင်စင်ကို ပြိုင်ပွဲများတွင် အောင်မြင်မှု၊ ကလပ်အသင်းများ၏ စွမ်းဆောင်ရည်များအပေါ်ကြည့်ကာ ကလပ်လိုင်စင်အောင်မြင်ခြင်းရှိ၊ မရှိ သတ်မှတ်ခြင်းမဟုတ်ဘဲ သတ်မှတ်ထားသည့်အချက်များအား ပြည့်စုံအောင်လုပ်ဆောင်နိုင်ခြင်းရှိမရှိ အပေါ်မူတည်၍ သတ်မှတ်ခြင်းဖြစ်သည်။ ကလပ်လိုင်စင်ပြုလုပ်ရာတွင် အချက်ပေါင်း ၂၀၀ နီးပါးအားပြည့်စုံအောင် ဆောင်ရွက်ရခြင်းဖြစ်ပြီး ယင်းအချက်များတွင် နည်းပြလိုင်စင်များပြည့်စုံမှု၊ အခြေခံအဆောက်အဦ၊ ငွေကြေးရှင်းတမ်းများ၊ အသုံးစရိတ်၊ ကလပ်အသင်း၏ လိုင်စင်စသည့်အချက်များလည်း ပါဝင်ကြောင်း သိရသည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ကလပ်လိုင်စင်ကို နှစ်စဉ်ပြုလုပ်စေခြင်းဖြစ်ပြီး အာရှအဆင့် ကလပ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့်အသင်းများအနေဖြင့် ကလပ်လိုင်စင် ရရှိထားမှသာ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
၂၀၂၁ ခုနှစ်အတွက် ကလပ်လိုင်စင်ရရှိသည့် အာဆီယံနိုင်ငံများမှ ကလပ်အသင်းများတွင် ၇၁ သင်း အောင်မြင်ခဲ့ပြီး မြန်မာနိုင်ငံမှာမူ စုစုပေါင်း ၁၅ သင်းဖြင့် အရေအတွက်အများဆုံးဖြင့် ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ အာဆီယံဒေသတွင်း ကလပ်အသင်းများတွင် အာရှချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်နိုင်သည့် ကလပ်လိုင်စင်ရရှိသည့် နိုင်ငံခုနစ်နိုင်ငံရှိပြီး မြန်မာကလပ် ၁၅ သင်း၊ ထိုင်းကလပ် ၁၂ သင်း၊ ဗီယက်နမ်ကလပ် ၁၀ သင်း၊ မလေးရှားကလပ် ရှစ်သင်း၊ အင်ဒိုနီးရှားကလပ် ခုနစ်သင်း၊ စင်ကာပူကလပ် ငါးသင်း၊ ဖိလစ်ပိုင်ကလပ် သုံးသင်း၊ AFC Cup ပြိုင်ပွဲယှဉ်ပြိုင်နိုင်သည့် ကလပ်လိုင်စင်ရရှိသည့် နိုင်ငံလေးနိုင်ငံရှိပြီး ကမ္ဘောဒီးယားကလပ် ငါးသင်း၊ ဘရူနိုင်းကလပ် သုံးသင်း၊ လာအိုကလပ် နှစ်သင်းနှင့် တီမောကလပ် တစ်သင်းတို့ ပါဝင်နေသည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် လာမည့်နှစ်တွင် အာရှအဆင့်ကလပ်ပြိုင်ပွဲနှစ်ခုကျင်းပမည်ဖြစ်ပြီး မြန်မာကလပ်နှစ်သင်း ယှဉ်ပြိုင်ခွင့်ရထားသည်။
အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း၊ AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင် ရှမ်းယူနိုက်တက်အသင်း၊ ခြေစစ်ပွဲအဆင့်တွင် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ခွင့်ရထားသည်။
သတင်း-ညီမြတ်သော်တာ