အာရှဆင်တွေမှာ လူတွေလိုပဲ မတူကွဲပြားတဲ့ စရိုက်လက္ခဏာတွေရှိ

၂၂  ဖေဖော်ဝါရီ

 

ဖင်လန်နိုင်ငံ တထ်ကူး တက္ကသိုလ်မှ သုတေသီတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ သစ်ဆွဲဆင်တွေ အကြောင်းကို လေ့လာခဲ့ကြရာ အာရှဆင်တွေမှာ မတူကွဲပြားတဲ့ စရိုက်လက္ခဏာ အချက်သုံးချက်ကို အထင်အရှား တွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီအချက်တွေဟာ အသိဉာဏ် သတိရှိမှု၊ လူမှုရေးရာ နားလည်မှုနဲ့ ရန်လိုမှုတွေ ဖြစ်တယ်လို့ သုတေသီတွေ သတ်မှတ်ထားပါတယ်။

 

အများသိကြတဲ့အတိုင်း လူတွေမှာ မတူညီတဲ့ စရိုက်တွေရှိကြပါတယ်။ လူတွေရဲ့ စရိုက်လက္ခဏာကို ငါးမျိုးခွဲခြား သတ်မှတ်နိုင်ပါတယ်။ အခြားမျိုးစိတ်တွေရဲ့ အပြုအမူဟာလည်း အချင်းချင်းကြားမှာတောင် ကွဲပြား ခြားနားမှုတွေ ရှိနေပါတယ်။ အချို့က အခြားသူတွေထက် ပိုပြီးရဲရင့်တယ်၊ လူမှုရေးနားလည်တယ်၊ ရန်လိုတတ်ကြတယ်။

 

အပြုအမူနဲ့ဆိုင်တဲ့ အဆိုပါ ကွဲပြားမှုသုံးမျိုးကို ကိုယ်ရည်ကိုယ်သွေး စရိုက်လက္ခဏာလို့ သတ်မှတ်ထား ကြပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ အိမ်မွေးတိရစ္ဆာန်တွေ၊ အရေအတွက်များပြားတဲ့ တိရစ္ဆာန်တွေနဲ့ သက်တမ်းတိုတဲ့ အခြားမျိုးစိတ်တွေစတဲ့ လူတွေနဲ့ မတူတဲ့ အခြားမျိုးစိတ်တွေရဲ့ စရိုက်လက္ခဏာ တွေကိုလည်း လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ လူတွေအပြင် သဘာဝအတိုင်း နေထိုင်တဲ့ ရှားပါးသက်တမ်းရှည် မျိုးနွယ်တွေကိုလည်း လေ့လာခဲ့ကြတယ်လို့ တထ်ကူးတက္ကသိုလ် ဇီဝဗေဒဌာနမှ လေ့လာချက်ကို ဦးဆောင်ရေးသားသူနဲ့ ဘွဲ့လွန်သုတေသီ မာတင်ဆော့လ်တ်မန်းက ပြောပါတယ်။

 

အဆိုပါ တက္ကသိုလ်က သုတေသီတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ ထိန်းသိမ်းခံ သစ်ဆွဲဆင်တွေကို လေ့လာခဲ့ကြရာ အာရှဆင်တွေမှာ အထက်ပါ အချက်သုံးချက်ဖြစ်တဲ့ အသိဉာဏ်သတိရှိမှု၊ လူမှုရေးရာသိမှုနဲ့ ကျူးကျော်ရန် စလိုမှု ရှိတယ်ဆိုတာကို တွေ့ရှိခဲ့ကြရတာပါ။ ဆင်မနဲ့ ဆင်ထီးတွေမှာလည်း အဆိုပါ အချက်သုံးချက်ဟာ ကွဲလွဲမှုသိပ်မရှိကြောင်း သုတေသီတွေ အတည်ပြုခဲ့ကြပါတယ်။

 

အသိဉာဏ် သတိရှိမှုဟာ  ဆင်တစ်ကောင်အတွက် သူရဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်မှုနဲ့ ဆက်စပ်နေပါတယ်။ လူမှုရေးရာ နားလည်တယ်ဆိုရာမှာလည်း ဆင်တစ်ကောင်ဟာ အခြားဆင်တွေနဲ့ရော လူတွေနဲ့ပါ ဘယ်လိုရင်းနှီးမှု ရယူရမလဲဆိုတာ သဘောပေါက်ကြတယ်။ ဒါကြောင့် သူတို့ဟာ ရင်းနှီးဖော် ကျွမ်းဝင်ဖက်တွေအဖြစ် နာမည်ကျော်ကြတာပါ။ ဆင်တစ်ကောင်ဟာ အခြားဆင်တွေကို ဘယ်လိုရန်စ ရမလဲဆိုတာနဲ့ ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကို သိရှိကြတယ်လို့ ဒေါက်တာ ဆော့လ်တ်မန်းက ဖော်ထုတ်ခဲ့တာပါ။

 

လူတွေနဲ့ ဆင်တွေရဲ့ ဘဝနောက်ခံတွေကလည်း အချင်းချင်း ဆက်စပ်ဆင်တူမှု ရှိပါတယ်။ မြန်မာနိုင်ငံက သစ်ဖောင်ဆွဲဆင်ကောင်ရေပေါင်း ၂၅၀ ကျော်ရဲ့ အလေ့အထတွေကို သုတေသီတွေ လေ့လာထားကြတာပါ။ ဆင်တွေဟာ သစ်လုပ်ငန်းမှာ သစ်လုံးတွေကို တစ်နေရာကနေ တစ်နေရာဆီကို ဆွဲပေးတဲ့ အလုပ်လုပ်ပေးနေကြရတာပါ။ အဲဒီလုပ်ငန်းနေရာဟာဆိုရင် ဆင်တွေကို လေ့လာဖို့အတွက် တစ်ကယ့်ကို သုတေသနပြုစရာ ပတ်ဝန်းကျင်နဲ့ ဆင်အရေအတွက် ရှိတဲ့နေရာလည်း ဖြစ်ပါတယ်လို့ ဒေါက်တာ ဆော့လ်တ်မန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

ဆင်တွေဟာ သူတို့ရဲ့ သီးသန့် ဆင်ထိန်းတွေနဲ့ အလုပ်လုပ်ကြရပါတယ်။ ဒီလို အဆက်အသွယ်တွေကို ပြုနိုင်ကြတဲ့အတွက် ဆင်တွေဟာ သက်တမ်းအကြာကြီး နေထိုင်နိုင်ခဲ့ကြတာပါ။ ဒါကြောင့် ဆင်ထိန်းတွေဟာ သူတို့ဆင်တွေရဲ့ အပြုအမူတွေကို ကောင်းကောင်းသိရှိနားလည်ကြပြီး သူတို့ရဲ့ စရိုက်လက္ခဏာ တွေအကြောင်း အသေးစိတ် အချက်အလက်တွေ ပြောပြပေးနိုင်ကြတာပါ။

 

တခြားဆင်တွေထက် ပိုရဲရင့်ပြီး စူးစမ်းလိုစိတ်ရှိတဲ့ ဆင်တွေကို တွေ့ရှိခဲ့ကြရကြောင်း၊ ဥပမာအနေနဲ့ သူတို့ဟာ သူတို့ရဲ့ ရပိုင်ခွင့်အဖြစ် ဖရဲသီးတွေကိုအမြဲခိုးစားလိုကြကြောင်း တွေ့ရတယ်လို့ ဒေါက်တာက ပြောပါတယ်။

 

သုတေသီတွေဟာ ဆင်တွေရဲ့ စရိုက်လက္ခဏာတွေအပေါ် အမေးအဖြေတွေ ပြုလုပ်ပြီး အချက်အလက်တွေ စုဆောင်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ လေ့လာမှုတွေကို ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့ကြတာပါ။ လေ့လာမှုမှာ ဆင်ထိန်းတွေကို တိုက်ရိုက်မေးထားတဲ့ မေးခွန်းတွေဖြစ်ပြီး သူတို့ဟာ မတူကွဲပြားတဲ့ စရိုက်လက္ခဏာ ၂၈ ချက်အရ ဆင်တွေရဲ့အပြုအမူကို အကဲဖြတ်ထားတာဖြစ်ပါတယ်။ ဆင်ထိန်းတွေဟာ သီးခြားအပြုအမူတစ်ခုချင်းစီအတွက် အမှတ်လေးမှတ်ပေးပြီး စရိုက်လက္ခဏာတွေကို စစ်ဆေး အကဲဖြတ်ထားတာ ဖြစ်ပါတယ်လို့ သိရပါတယ်။

 

(MDN)
ကိုးကား- EurekAlert(The Global Source for Science News)