ခြူးစန္ဒီနွေး

 

လွန်ခဲ့တဲ့ နှစ်နှစ်ခွဲကာလအတွင်းက အမေရိကန်သမ္မတထရမ့်ဟာ သူ့အရင် သမ္မတဖြစ်ခဲ့သူ ဘားရက်အိုဘားမား လက်ထက် က အာရှမှာ အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့ အရေးကြီးလှတဲ့ မဟာဗျူဟာတွေကို သူကတော့ အကောင်အထည် ဖော်နိုင်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

လျစ်လျူရှုထားကြ
အာရှဒေသမှာ အမေရိကန်ရဲ့ လွှမ်းမိုးနိုင်မှုကိုလည်း ဖြန့်ကြက်နိုင်မှု အပါအဝင် အခြားသောအရေးကြီးတဲ့ မဟာဗျူဟာတွေမှာ သမ္မတအိုဘားမား ပျက်ကွက်ခဲ့တာတွေကို သူကတော့ဖြင့် လုပ်နိုင်တယ်လို့ ထရမ့်က ထင်ခဲ့တာပါ။ လက်ရှိမှာတော့ အာရှတစ်လွှားမှာ ယခင်တုန်းကရှိခဲ့တဲ့ ရန်ငြိုးရန်စတွေ၊ မကျေလည်မှုတွေ ပြန်လည်ဆန်းသစ်လာတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်အစိုးရကတော့ ဘာမှကြားဝင်စွက်ဖက်တာမျိုး မလုပ်ပါဘူး။ နောက်ပြီးတော့ အာရှတစ်လွှားက အစိုးရတွေဟာလည်း ထရမ့်အစိုးရရဲ့ တည်တည်ငြိမ်ငြိမ်နေကြဖို့ သတိပေးချက်ကို နားမထောင်ဘဲ လျစ်လျူရှုထားကြပါတယ်။

ပြဿနာကိုယ်စီ
အခုဆိုရင် အိန္ဒိယ၊ ဟောင်ကောင်တို့မှာ ပြဿနာ ကိုယ်စီနဲ့ပါ။ နောက်ပြီး အမေရိကန်ရဲ့ အဓိက မဟာမိတ်နိုင်ငံတွေ ဖြစ်ကြတဲ့ တောင်ကိုရီးယားနှင့် ဂျပန်တို့ဟာလည်း ပို့ကုန်ကန့်သတ်ချက်တွေကြောင့် အချင်းချင်း မကျေလည်ကြပါဘူး။ အဲဒီလို အချိန်မျိုးမှာ အမေရိကန်သမ္မတနဲ့ သူ့ရဲ့ အကြံပေးတွေဟာလည်း ဘေးကနေပဲ ကြည့်နေကြပါတယ်။ လက်ရှိ အာရှမှာဖြစ်နေတဲ့ အဖြစ်အပျက်တွေမှာ အမေရိကန်က ပါဝင်လိုခြင်းမရှိတာကို ကြည့်မယ်ဆိုရင် အမေရိကန်ရဲ့ ပါဝါနဲ့ ကမ္ဘာကို လွှမ်းမိုးနိုင်မှုဟာ သမ္မတထရမ့်ရဲ့ လက်ထက်မှာ ယိုယွင်းမှုတွေဖြစ်လာပြီလို့ ယူဆဖွယ်ရာရှိပါတယ်။

ယိုယွင်းလာပြီလား
ဒါဟာလည်း အမေရိကန် သမ္မတထရမ့်ရဲ့ အမေရိကန်သာ ပထမဦးစားပေးဆိုတဲ့ မူဝါဒကြောင့် ယိုယွင်းလာမှုလို့ သုတေသီ တွေက ပြောပါတယ်။ အာရှဒေသမှာ အမေရိကန်ရဲ့ လွှမ်းမိုးမှု လျော့ကျလာတာဟာ အန္တရာယ်ဆီကို ဦးတည်လာတာပဲလို့ သမ္မတဟောင်း အိုဘားမားလက်ထက်က ဒုတိယနိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဝီလီယံဂျေဘန်းက ပြောပါတယ်။ ရလဒ်ကတော့ ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်မှုတွေ တိုးလာသလို အမေရိကန်ရဲ့ လွှမ်းမိုးနိုင်မှုကို တိုက်စားပျက်စီး လာတာပါပဲလို့ သူက ဆက်ပြောပါတယ်။ အမေရိကန် အစိုးရအဖွဲ့ဝင် အားလုံးဟာ ပြည်ပမှာ ဖြစ်ပွားတဲ့ကိစ္စတွေမှာ ပါဝင်ဖို့ စွမ်းဆောင်ရည်ဟာလည်း အကန့်အသတ်နဲ့ပါပဲ။

မှေးမှိန်လာ
အမေရိကန်ပြည်ထောင်စုရဲ့ ရံဖန်ရံခါ တောင်းဆိုချက်တွေကိုလည်း နိုင်ငံခြားအစိုးရတွေက လျစ်လျူရှုတာမျိုးလည်း ရှိပါတယ်။ တရုတ်နိုင်ငံဟာလည်း စီးပွားရေးအင်အား အင်မတန်ကောင်းမွန်လာချိန်၊ ရုရှားဟာလည်း အင်အားကောင်းလာတဲ့ အချိန်မှာ အမေရိကန်ရဲ့ လွှမ်းမိုးနိုင်မှုဟာ ထရမ့်အစိုးရလက်ထက်မှာ မှေးမှိန်လာပါတယ်။ အမေရိကန် သမ္မတထရမ့်ရဲ့ မူဝါဒကတော့ မဟာမိတ်တွေနဲ့ ဆက်ဆံရေး အားကောင်းခိုင်မာလာအောင် လုပ်ဖို့ထက် နိုင်ငံရပ်ခြားမှာ သုံးစွဲကျခံနေရတဲ့ အသုံးစရိတ်တွေကို ဖြတ်တောက်ချင်တာပါ၊

အိန္ဒိယ၏ ပြဿနာ
လတ်တလောမှာ အိန္ဒိယမှာ တွေ့ကြုံနေရတဲ့ ပြဿနာကတော့ ကက်ရှ်မီးယားအရေးပါပဲ။ ကက်ရှ်မီးယားဒေသမှာ ယခင်ကပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်အတန်းကို အိန္ဒိယအစိုးရက ရုပ်သိမ်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အိန္ဒိယတပ်ဖွဲ့ဝင်တွေဟာ ကက်ရှ်မီးယားဒေသမှာ လုံခြုံရေးအရ ထိန်းချုပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပါကစ္စတန်ဘက်မှာလည်း ကက်ရှ်မီးယားဒေသကို အိန္ဒိယအစိုးရက ထိန်းချုပ်မှုပြုလုပ်တာကို မကျေနပ်တဲ့အတွက် ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အမေရိကန်သမ္မတထရမ့်က လွန်ခဲ့တဲ့လတွေအတွင်း အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား ဆယ်စုနှစ် များစွာကြာ အငြင်းပွားမှုကို အဆုံးသတ်နိုင်ဖို့အတွက် ဖျန်ဖြေပေးဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခြေအနေကတော့ ထူးခြားမလာခဲ့ပါဘူး။

ဂျပန်နှင့် တောင်ကိုရီးယား၏ မပြေလည်မှု
နောက်ပြီး ဂျပန်နဲ့ တောင်ကိုရီးယား ဆိုတာကလည်း အမေရိကန်ရဲ့ အဓိကမဟာ မိတ်နိုင်ငံပါ။ သူတို့အချင်းချင်းကတော့ အတိတ်ကာလက မကျေနပ်မှုတွေ အသစ်ပြန်လည်ပေါ်ပေါက်ပြီး ကုန်သွယ်ရေးမှာ အငြင်းပွားမှုတွေ ပေါ်ပေါက်လျက်ရှိပါ တယ်။ အဲဒါကလည်း ဂျပန်ဘက်က အဆင့်မြင့် နည်းပညာသုံးပစ္စည်းတွေ တင်ပို့တဲ့နေရာမှာ ကန့်သတ်မှုတွေ လုပ်လိုက်လို့ ပေါ်ပေါက်လာရတဲ့ အငြင်းပွားမှုပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်း ကိုရီးယားကို ဂျပန်တို့ သိမ်းပိုက်ထားစဉ် လုပ်ခမရဘဲ အတင်းအကျပ် ခိုင်းစေခြင်းခံရတဲ့ လူတွေကို လျော်ကြေးပေးဆောင်ဖို့ ဂျပန်ကုမ္ပဏီတွေကို တောင်ကိုရီးယား တရားရုံးက အမိန့်ချခဲ့ပြီးတဲ့နောက် ဒါကိုမကျေနပ်တဲ့အတွက် ဂျပန်ဘက်က ပြန်လည်တုံ့ပြန်တာလို့လည်း သတင်းတွေမှာ ရေးသား ကြပါတယ်။

ရလဒ်မထူးသေး
ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်ကပဲ တောင်ကိုရီးယားဟာ ကုန်သွယ်မှု အကောင်းဆုံး မိတ်ဖက်နိုင်ငံအဖြစ်မှ ဂျပန်ကို ဖယ်ရှား လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ ဒါဟာ အမေရိကန်ရဲ့ အဓိကမိတ်ဖက် မဟာမိတ်နိုင်ငံနှစ်ခုကြား ကြီးမားတဲ့ အငြင်းပွားမှု ပြဿနာပါပဲ။ အမေရိကန်သမ္မတ ထရမ့်ရဲ့ အဆင့်မြင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အရာရှိကြီးတွေဟာ နှစ်နိုင်ငံစလုံးကို ပြဿနာဖြေရှင်းဖို့ အကြံဉာဏ်တွေ ပေးခဲ့ကြပေမယ့် ရလဒ်ကတော့ မထူးသေးပါဘူး။ ဒီကြားထဲ မြောက်ကိုရီးယားဟာ တာတိုပစ်ဒုံးကျည် ပစ်ခတ်စမ်းသပ်မှုကို ငါးကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့ပေမယ့် သမ္မတထရမ့်ဆီက ဘာမှဝေဖန်တာမျိုး မရှိခဲ့ပါဘူး။

အသုံးစရိတ်လျှော့ချလို
ထရမ့် အမေရိကန်သမ္မတ ဖြစ်လာတဲ့နောက်ပိုင်း နိုင်ငံရပ်ခြားမှာ အမေရိကန်က ကျခံသုံးစွဲနေရတဲ့ အသုံးစရိတ်တွေကို လျှော့ချပစ်ဖို့သာ အဓိကဦးစားပေး ဖြစ်ခဲ့ပါတယ်။ ဒေသတွင်း အစီအစဉ်တွေမှာ ပိုက်ဆံပိုမိုကျခံသင့်တယ်ဆိုပြီး ဝေဖန်သူတွေက ပြောကြပါတယ်။ Trans- Pacific Partnership ပစိဖိတ်မိတ်ဖက်စာချုပ်ကို အမေရိကန်က လက်လျှော့လိုက်တာကြောင့်လည်း အမေရိကန်ရဲ့လွှမ်းမိုးမှုကို လျော့ကျစေတယ်လို့ ဝေဖန်ရေးသမားတွေက ပြောပါ တယ်။ Trans- Pacific Partnership  စာချုပ်ဆိုတာ သမ္မတအိုဘားမား လက်ထက်က နိုင်ငံပေါင်း ၁၂ နိုင်ငံ ပါဝင်ထားတဲ့ စာချုပ်လည်း ဖြစ်ပါတယ်။ ပါဝင်ကြတဲ့ နိုင်ငံတွေကတော့ ဩစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူ၊ ဗီယက်နမ်နဲ့ အမေရိကန် ပြည်ထောင်စုတို့ပဲ ဖြစ်ကြပါတယ်။ ဒါဟာလည်း သမ္မတအိုဘားမားလက်ထက် တရုတ်ကို အန်တုနိုင်ဖို့အတွက် ဖွဲ့စည်းခဲ့တာပဲ ဖြစ်ပါတယ်။

အမေရိကန်ကို ထိခိုက်လာနိုင်
လက်ရှိတရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး ထရမ့်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကုန်သွယ်ရေး သဘောတူညီမှုရရှိပြီး ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်နိုင်ဖို့ပါပဲ။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ နှစ်ဖက်စလုံးက စေ့စပ်ညှိနှိုင်းသူတွေဟာ လိုအပ်ချက်ရောက်အောင် မစွမ်းဆောင်နိုင်ကြသေးပါဘူး။ ဂျပန်နဲ့ တောင်ကိုရီးယားကိစ္စမှာတော့ အမေရိကန်ဟာ ကြားဝင်လိုခြင်း မရှိပါဘူး။ တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ သတင်းအချက်အလက် အပြန်အလှန် မျှဝေကြပြီး အမေရိကန်ကို သတင်းအချက်အလက်တွေ ထောက်ပံ့ကြပါတယ်။ တကယ်လို့များ သူတို့ကြား အငြင်းပွားမှု အဆင်မပြေဖြစ်ပြီး သတင်း အချက်အလက်မျှဝေမှု ရပ်ဆိုင်းလိုက်မယ်ဆိုရင် အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်မှုရှိလာစေမှာပါ။

အကျဘက်ကို ဦးတည်နေပြီလား
ကက်ရှ်မီးယားကြောင့် မငြိမ်မသက်ပြန်လည်ဖြစ်လာရတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်မှာလည်း ထရမ့်ရဲ့ ကြားဝင်ညှိနှိုင်းပေး မယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို အိန္ဒိယဘက်က ငြင်းပယ်ခဲ့ပါတယ်။ ဒီလိုအချက်တွေကြောင့် အာရှဒေသမှာ အမေရိကန်ရဲ့ လွှမ်းမိုးနိုင်မှုဟာ အကျဘက်ကို ဦးတည်နေပြီလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။   ။
ကိုးကား- နယူးယောက်တိုင်းမ်