ရန်ကုန် ဇူလိုင် ၂၅

 

မော်လ်ဒိုက်နိုင်ငံ၌ ဇူလိုင် ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပသည့် (၅၄) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ရွှေတစ်ခု၊ ငွေတစ်ခုနှင့် အဆင့်‌လေး၊ အဆင့်ငါး ဆွတ်ခူးရရှိ‌ခဲ့‌သော အားကစားအဖွဲ့သည် ယမန်‌နေ့ နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့သို့ ပြန်လည်‌ ရောက်ရှိလာသည်။

 

အဆိုပါပြိုင်ပွဲ၌ အမျိုးသား ၇၀ ကီလိုတန်းတွင် ရဲထွန်းနောင်က ဒုတိယ (ငွေ)၊ ၅၅ ကီလိုတန်းတွင် ကျော်မင်းသန်းက ပဉ္စမ၊ ၈၀ ကီလိုတန်းတွင် ခင်‌မောင်ကျော်က စတုတ္ထ၊ အမျိုးသမီး Athletic Physique မီမီကျော်နိုင်က စတုတ္ထ၊ ‌အေးသန္တာခိုင်က ၁၆၅ စင်တီမီတာတွင် ပဉ္စမနှင့် Over 40 yrs တွင် ပထမ (ရွှေ)၊ Athletic Physique ပြိုင်ပွဲတွင် ဝတ်ရည်ဖြိုးက စတုတ္ထရရှိခဲ့သည်။

 

ရွှေတံဆိပ်ဆုရရှိ

 

“ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၂၂ နိုင်ငံထဲမှာမှ အမျိုးသမီး အားကစားသမား ၁၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတာပါ။ တစ်တန်းကို အားကစားသမား ၁၅ ဦးခန့် ဝင်ပြိုင်ကြရတာပါ။ အဲဒီထဲမှာမှ အကောင်းဆုံးရွှေတံဆိပ်ဆုကို ရရှိခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ အဓိကကတော့ မွန်ဂိုလီးယားနဲ့ဟန်ဂေရီပေါ့။ အဲဒီနှစ်နိုင်ငံကို အပြတ်သတ် ယှဉ်ပြိုင်ခဲ့ရတာပါ။ သူတို့ကို ယှဉ်ပြိုင်ပြီးတော့မှ အကောင်းဆုံးရွှေတံဆိပ်ဆုကို ရရှိခဲ့တာပါ။ နိုင်ငံ့ ဂုဏ်ဆောင်နိုင်ခဲ့တဲ့အတွက် အတိုင်းမသိပါပဲ။ ၁၆၅ စင်တီမီတာမှာတော့ နံပါတ်(၅) အနေနဲ့ ဝင်ခဲ့ပါတယ်။ အိုဗာ ၄၀ မှာတော့ ရွှေတံဆိပ် ရရှိခဲ့ပါတယ်။ အာရှမှာ ရွှေတံဆိပ်ရတာ အခုအကြိမ်က ဒုတိယအကြိမ်ပါ။၂၀၁၉ မှာ တစ်ကြိမ် နဲ့ အခု ၂၀၂၂ မှာ တစ်ကြိမ်ဖြစ်ပါတယ်”ဟု အေးသန္တာခိုင်က ပြောသည်။

 

“ကျွန်တော်တို့ အတန်းမှာပဲ ပြိုင်ဘက်က ၁၀ ဦး ကျော်တယ်ပေါ့။ နိုင်ငံပေါင်းကလည်း ၂၄ နိုင်ငံ၊ အမျိုးသား ၁၀၀ ကျော် လာပြိုင်ကြတာပါ။ နောက်အိမ်ရှင်ကတော့ အင်အားအကောင်းဆုံးနိုင်ငံပေါ့။ အင်အားကောင်းတာကတော့ အိန္ဒိယ၊ ထိုင်းနဲ့ ဗီယက်နမ်ပါ။ သူတို့တွေက ဆုကြီးတွေပဲယူကြတာပါ။ ပြိုင်ဘက်ကတော့ အိန္ဒိယပေါ့။ အိန္ဒိယဆိုရင် အရင်နှစ်ထက်တော့ မတူဘူး။ သူတို့ကပွဲကို သေချာလုပ်ထားတာ။ ကျွန်တော်တို့ကကျတော့ ပထမပွဲလုပ်ပြီး ဒီပွဲကို ထပ်လုပ်တော့ တော်တော်လည်း ပင်ပန်းနေကြတယ်။ ကြွက်သားပိုင်းဆိုင်ရာ လိုက်မမီဘူးပေါ့။ သူတို့ကတော့ ဒီပွဲအတွက်ပဲ အာရုံစိုက်လုပ်ပြီးတော့ ကောင်းကောင်းပြင်ဆင်ထားတဲ့အတွက် ဆုက နည်းနည်းလျော့သွားပါတယ်”ဟု ရဲထွန်းနောင်က‌ ပြောသည်။

 

ကြိုဆို

 

ယင်းပြိုင်ပွဲသို့ အဖွဲ့‌ခေါင်းဆောင် မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ရန်ကုန်မြို့‌တော် စည်ပင်သာယာ‌ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့‌တော်ဝန် ဦးညီညီနှင့် နည်းပြများ၊ ဒိုင်များ၊ အားကစားသမားများအား ရန်ကုန်တိုင်း‌ဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ရန်ကုန်မြို့‌တော်ဝန် ဦးဗိုလ်‌ဌေး၊ ရန်ကုန် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာ‌ရေး ကော်မတီ အတွင်း‌ရေးမှူး ဦးညွန့်‌ဖေနှင့်‌ ကော်မတီဝင်များ၊ ဌာနမှူးများ၊ အားကစားနှင့် အာယပညာဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးများ၊ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားသမားများက‌ ကြိုဆိုကြ‌ကြောင်း သိရသည်။

 

အာကာစိုး