၁၄ ဇန်နဝါရီ
၂၀၂၀ ရာသီ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲ ပထမအဆင့်ပွဲစဉ်ဖြစ်သည့် ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းနှင့် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းတို့ ယနေ့ညနေပိုင်းက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ရီဇယ်လ်အမှတ်တရကွင်း၌ ကျင်းပရာ ရှမ်းယူနိုက်တက်အသင်း သုံးဂိုး-နှစ်ဂိုးဖြင့် အရေးနိမ့်ပြီး ခြေစစ်ပွဲမအောင်ခဲ့ပေ။
ရှမ်းယူနိုက်တက်အသင်းသည် အဝေးကွင်း၌ ရလဒ်ကောင်းရန် ကြိုးပမ်းခဲ့သော်လည်း ရှုံးပွဲကြုံတွေ့ခဲ့သောကြောင့် အကြိုခြေစစ်ပွဲ ပထမအဆင့်မှထွက်ခဲ့ရကာ AFC Cup ပြိုင်ပွဲသာ ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။ ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းနှင့် တွေ့ဆုံတိုင်း ရလဒ်မကောင်းသည့် ရှမ်းယူနိုက်တက်အသင်းသည် ယခုပွဲတွင် ရလဒ်ကောင်းရန် ကြိုးပမ်းခဲ့သော်လည်း ရှုံးပွဲထပ်မံကြုံတွေ့ခဲ့သည်။
ရှမ်းယူနိုက်တက်အသင်း၏ ပွဲထွက်လူစာရင်းတွင် နိုင်ငံခြားသားကစားသမား လေးဦးအပါအဝင် သီဟစည်သူ၊ ရန်နိုင်ဦး၊ ရဲမင်းသူ၊ ဇင်မင်းထွန်း၊ နန္ဒကျော်တို့ဖြင့် လူစုံခဲ့သည်။
ပထမပိုင်းတွင် ဆီရက်စ်အသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ပွဲအစ ၄ မိနစ်တွင် မန်ဒီ၏ ပထမဂိုးကို ခွင့်ပြုခဲ့ရသောကြောင့် ရှမ်းယူနိုက်တက်အသင်း ရုန်းကန်ခဲ့ရသည်။ ရှမ်းယူနိုက်တက်အသင်းသည် ပွဲအစတွင် ဂိုးပေးလိုက်ရသောကြောင့် ပိုမိုရုန်းကန်ခဲ့ရပြီး မိနစ် ၄၀ တွင် ဆီရက်စ်အသင်း ဒုတိယဂိုးထပ်ရခဲ့ကာ မာရာနွန်က သွင်းယူခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ဒုတိယပိုင်းတွင် ဂိုးပြန်ရရန် ကြိုးပမ်းလာပြီး ၇၃ မိနစ်တွင် ဟိန်းဖြိုးဝင်း၏ ဖြတ်တင်ဘောမှတစ်ဆင့် ဇင်မင်းထွန်းက ခေါင်းတိုက်ပြီး ချေပဂိုးပြန်သွင်းခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ဂိုးပြန်ရသော်လည်း ငါးမိနစ်အကြာတွင် ဂိုးပြန်ပေးလိုက်ရပြီး ၇၈ မိနစ်တွင် ပိုထရီရာက ဆီရက်စ်အသင်းအတွက် တတိယဂိုးသွင်းယူခဲ့သည်။ ၈၇ မိနစ်တွင် မက်ဆီမင်က ရှမ်းယူနိုက်တက်အသင်းအတွက် ချေပဂိုးတစ်ဂိုး ထပ်မံသွင်းယူသော်လည်း ဆီရက်စ်အသင်းက အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့သည်။
ဆီရက်စ်အသင်းသည် အကြိုခြေစစ်ပွဲ ဒုတိယအဆင့်တွင် ထိုင်းကလပ် Port အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ