ထွန်းသစ်စ

 

အာရှဈေးကွက်ကို အဓိကဦးတည်ထားတဲ့ အာတိတ်ဒေသရဲ့ ကြီးမားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း လုပ်ငန်းတစ်ခုကို ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်စက်မှာ စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့တဲ့ ၂၀၁၉ အရှေ့ဖျား စီးပွားရေး ဆွေးနွေးပွဲမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ချပြကြေညာလိုက်ပြီးနောက်မှာ ၎င်းအနေဖြင့် အာရှရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ရေး ကြိုးစားလျက်ရှိတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ခိုင်မာတဲ့ဆက်ဆံရေး တည်ဆောက်ချင်
ပင်လယ်ဆိပ်ကမ်းမြို့လေးဖြစ်တဲ့ ဗလာဒီဗော့စတော့မှာ ပြုလုပ်တဲ့ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ဧည့်သည်ခေါင်းဆောင် ကြီးတွေဖြစ်တဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားအရှေ့ဖျားဒေသဟာ ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ရန် အကောင်းဆုံးနေရာတစ်ခုအဖြစ် အမွှမ်းတင် ပြောကြားလိုက်ပါတယ်။ ရုရှားအရှေ့ဖျားဒေသမှာ အလုပ်ကြိုးစားနေသူတွေ၊ စိတ်အားထက်သန်သူတွေ၊ အနာဂတ်ရဲ့ စက်မှုလုပ်ငန်းကြီးတွေ၊ သဘာဝ အရင်းအမြစ် ပေါကြွယ်ဝမှုတွေ စတဲ့အရာ တွေနဲ့ပြည့်နေတယ်လို့ ပူတင်က ပြောပါတယ်။

အဲဒီအခွင့်အရေးတွေကို အခုပဲယူလိုက်ကြရအောင်လို့ ပူတင်ကအရှေ့ဖျား စီးပွားရေး အစည်းအဝေးရဲ့ မျက်နှာစုံညီ အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။ ရုရှားနိုင်ငံဟာ အခုလိုမျိုး အစည်းအဝေးတွေကို လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း လက်ခံကျင်းပနေတာ ဖြစ်ပါတယ်။ ရုရှားအနေနဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး တင်းမာနေချိန်မှာ အာရှနိုင်ငံတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်ချင်နေတဲ့ သဘောကိုလည်း တွေ့ရပါတယ်။

အာရှဈေးကွက်ကို တင်ပို့နိုင်ရေးကြိုးစား
ရုရှား ဓာတ်ငွေ့ကုမ္ပဏီဖြစ်တဲ့ နိုဗာတက်ခ်က အာတိတ်ဒေသမှာ တရုတ်၊ ပြင်သစ်၊ ဂျပန်နိုင်ငံတို့နဲ့ ပြုလုပ်နေတဲ့ သဘာဝ ဓာတ်ငွေ့ရည်လုပ်ငန်းကို စီးပွားရေးဆွေးနွေးပွဲမှာ ကြေညာခဲ့ပါတယ်။ ထို့အတူ အာတိတ်ဒေသမှာ တရုတ်၊ ပြင်သစ်၊ ဂျပန်နိုင်ငံတို့နဲ့ ပြုလုပ်နေတဲ့ သဘာဝဓာတ်ငွေ့ရည်လုပ်ငန်း (အယ်လ်အင်န်ဂျီ ၂) မှာ အမေရိကန် ဒေါ်လာ ၂၁ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ နိုဗာတက်ခ်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ပြီးဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အဲဒီလုပ်ငန်းမှာ သဘာဝဓာတ်ငွေ့ရရှိမယ့် နေရာတွေ၊ ရုရှားအာတိတ်ဒေသ ဂိုင်ဒန်ကျွန်းမှာ တည်ဆောက်မယ့် သဘာဝ ဓာတ်ငွေ့ရည် ထုတ်လုပ်စက်ရုံတွေမှာ တိုးတက်မှုရဲ့ အရိပ်အယောင်တွေ တွေ့နေရပြီ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၃ ခုနှစ်မှာ သဘာဝဓာတ်ငွေ့ရည်တွေကို စတင်တင်ပို့နိုင်တော့မှာ ဖြစ်ပါတယ်။

ယခုလိုမျိုးကြီးမားတဲ့ လုပ်ငန်းကြီးကို ဆောင်ရွက်နိုင်ခဲ့တာ နိုဗာတက်ခ်ရဲ့ လွန်ခဲ့တဲ့သုံးနှစ်အတွင်း ဒုတိယအကြိမ်မြောက် အောင်မြင်မှု ခြေလှမ်းတွေပဲ ဖြစ်ပါတယ်။ နိုဗာတက်ခ်ဟာ က္ဘာ့အကြီးဆုံး ဓာတ်ငွေ့တင်ပို့တဲ့ ကုမ္ပဏီကြီးဖြစ်ပြီးတော့သူ့ရဲ့ သဘာဝဓာတ်ငွေ့ရည် (အယ်လ်အင်န်ဂျီ)တွေကို လိုအပ်ချက်မြင့်မားနေတဲ့ အာရှဈေးကွက်ကို တင်ပို့နိုင်ရေးကြိုးစား နေပါတယ်။

ရုရှားရေနံဓာတုစက်ရုံဖြစ်တဲ့ ဆီဘာကလည်း ၎င်းရဲ့ ရေနံဓာတ်ငွေ့ရည်တွေကို တရုတ်ပလတ်စတစ် ထုတ်လုပ်ရေးလုပ်ငန်း အတွက် ပေါ်လီမာတွေ ထုတ်လုပ်ပေးနေတဲ့ တရုတ်နယ်စပ်မှာ တည်ဆောက်ထားတဲ့ စက်ရုံသစ်တစ်ခုကို ဖြန့်ဖြူးပေးဖို့ အတွက်ကြီးမားတဲ့ဓာတ်ငွေ့စက်ရုံကြီးတစ်ရုံဖြစ်တဲ့ ဂက်ဇ်ပရွန်နဲ့ သဘောတူစာချုပ် တစ်ရပ်ချုပ်ဆိုခဲ့ကြောင်း စက်တင်ဘာ ၅ ရက်က ပြောကြားလိုက်ပါတယ်။

မျက်နှာစုံညီ အစည်းအဝေးမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်နိုင်ငံရဲ့ ဖွံ့ဖြိုးလာတဲ့ စီးပွားရေးလုပ်ငန်းများကို ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားလိုက်ပြီး နည်းပညာသစ်တွေ ရေခဲခွဲသင်္ဘောတွေနဲ့ အာတိတ်ဒေသကို လူများသိအောင် လုပ်ဆောင်ခဲ့သော မော်စကိုရဲ့ စွမ်းဆောင်မှုများကိုလည်း ချီးကျူးပြောကြားလိုက်ပါတယ်။

အာတိတ်နဲ့ ပစိဖိတ်ကိုချိတ်ဆက်
အာတိတ်အယ်လ်အင်န်ဂျီ-၂ လုပ်ငန်းစီမံကိန်းဟာ ပစိဖိတ်နဲ့ အာတိတ်သမုဒ္ဒရာတို့ကို ပေါင်းစည်းပေးလိုက်တဲ့ ကြီးမားတဲ့ ဆက်သွယ်မှုကြီးပင်ဖြစ်ကြောင်း အာဘေးက ဆက်လက်ပြောကြားခဲ့ပါတယ်။ လူသားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အဆိုပါ သမုဒ္ဒရာကြီးနှစ်စင်းဟာ တစ်စင်းတည်းကဲ့သို့ ဖြစ်လာပါပြီ။ တကယ့်ဆက်သွယ်ရေး လမ်းကြောင်းကြီးကိုလည်း လတ်တလောမှာ အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောပါတယ်။

ဖြေရှင်းဖို့တွေ ကျန်နေသေးတယ်
ဒါ့အပြင် အာဘေးက ဂျပန်နိုင်ငံနဲ့ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုနိုင်ရေး ရုရှားကို တောင်းဆိုလိုက် တာကိုလည်း တွေ့ရပါတယ်။ ရုရှားနဲ့ ဂျပန်နိုင်ငံတို့ဟာ အရှေ့ဖျားမှာရှိတဲ့ ကျွန်းတွေနဲ့ ပတ်သက်ပြီးတော့ အခုအချိန်အထိ သဘောကွဲလွဲမှုတွေ ရှိနေသေးပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်မရေးထိုးခင် ကျွန်းတွေ အရေးဖြေရှင်းဖို့ရာ မေးခွန်းတွေ အများကြီး ရှိနေသေးကြောင်း ပူတင်က ပြောပါတယ်။ ပူတင်နဲ့ အာဘေးတို့ဟာ ကျွန်းတွေအရေး အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ရာ ၂၇ ကြိမ်လောက် တွေ့ဆုံဆွေးနွေးပြီးပြီ ဖြစ်သော်လည်း အခုအချိန်အထိ အဆိုပါ ကျွန်းများအရေး ရေရာသေချာမှု မရှိသေးကြောင်း သိရပါတယ်။ အဲဒီကျွန်းတွေကို ရုရှားက ကူရေးလ်လို့ခေါ်ပြီး သူတို့ဟာ ဂျပန်နိုင်ငံ မြောက်ပိုင်း ပိုင်နက်ထဲမှာ ပါဝင်နေပါတယ်။ အဲဒီကျွန်းတွေကို ဒုတိယကမ္ဘာစစ်အတွင်းက ဆိုဗီယက်တပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့ တာ ဖြစ်ပါတယ်။

အနာဂတ် ပူးပေါင်းဆောင်ရွက်မှု ဖန်တီးမယ်
အခုလို အမြော်အမြင် ကြီးမားလှတဲ့ ရုရှားရဲ့ ခရီးစဉ်မှာ ရုရှားအရှေ့ဖျားဒေသ တိုးတက်ဖို့အရေး အိန္ဒိယကလည်း ရုရှားနဲ့ အတူတကွ လက်တွဲပြီး လုပ်ဆောင်ချင်တယ်လို့ အိန္ဒိယဝန်ကြီး ချုပ်မိုဒီက ပြောကြားလိုက်ပါတယ်။ ရုရှားနိုင်ငံ အရှေ့ဖျားဒေသ တိုးတက်ဖို့ အိန္ဒိယနိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်တယ်လို့ မိုဒီက ဆက်လက်ပြောကြားခဲ့ပါတယ်။

စီးပွားရေးဆွေးနွေးပွဲ ဖွင့်လှစ်လိုက်ချိန်ကစလို့ မိုဒီနဲ့ပူတင်တို့ဟာ တပူးပူး တတွဲတွဲနဲ့ အတူတကွ အချိန်တွေကို ကုန်ဆုံးစေခဲ့ပြီး သင်္ဘောကျင်းလုပ်ငန်း တည်ဆောက်မှုလုပ်ငန်းကို သွားရောက်လေ့လာခဲ့ကာ တစ်ယောက်နဲ့ တစ်ယောက် အချင်းချင်း နီးကပ်ပြီး ကောင်းမွန်တဲ့ မိတ်ဆွေတွေအဖြစ် အပြန်အလှန် ပြောကြားခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့ ဆွေးနွေးမှုမှာ အကြောင်းအရာသစ်တွေ၊ သဘောတူညီမှု အသစ်တွေ မရှိလင့်ကစား ပူးတွဲကြေညာချက်မှာတော့ အိန္ဒိယနိုင်ငံရဲ့ အရပ်ဘက် လေကြောင်းလိုင်း တိုးတက်ထုတ်လုပ်နိုင်ဖို့အတွက် အနာဂတ် ပူးပေါင်းဆောင်ရွက်မှုတွေ ဖန်တီးသွားဖို့ လိုကြောင်း ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံဟာ ရုရှားစစ်လက်နက်တွေ အတွက်တော့ အဓိကဖောက်သည်ကြီး တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံအနေနဲ့ ကာမော့ဗ် ကေအေ-၂၂၆ စစ်ဘက်ရဟတ်ယာဉ်တွေ အတူတကွ ပူးပေါင်းထုတ်လုပ်ဖို့ သဘောတူစာချုပ်ချုပ် ဆိုခဲ့ကြပါတယ်။

အာရှဘက်ကိုဦးတည်လာ
ရုရှားနိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ ယူကရိန်းထံ ခရိုင်းမီးယားဒေသကို စစ်မက်ပြု သိမ်းယူခဲ့တာကစလို့ ဥရောပသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့က အရေးယူ ဒဏ်ခတ်ပိတ်ဆို့ခဲ့တဲ့အတွက် စီးပွားရေး ထိခိုက်မှုတွေ ဖြစ်လာတဲ့နောက်မှာ ရုရှားဟာ သူရဲ့ဗဟိုချက်ကို အာရှဘက်ကို ဦးတည်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရုရှားသမ္မတ ပူတင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုသူ့ရဲ့ တခြားအင်အားကြီးစီးပွားရေး မိတ်ဖက်နိုင်ငံ တစ်နိုင်ငံအနေဖြင့် သတ်မှတ်ပြီး နိုင်ငံတကာမှာ ရုပ်လုံးပြခဲ့ပါတယ်။

ယခုကျင်းပတဲ့ စီးပွားရေးဖိုရမ်ဟာ ရုရှားနိုင်ငံအတွက်တော့ အလွန်ကောင်းမွန်တယ်လို့ ဆိုရမလိုပါပဲ။ ရုရှားဟာ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို အသိပေးကြေညာနိုင်ခဲ့သလို သူ့ဆီမှာ လာရောက်ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့အထိ ကမ်းလှမ်းမှုတွေ လုပ်နိုင်ခဲ့ပါတယ်။
ကိုးကား- အေအက်ဖ်ပီ