ရန်ကုန် ၁၄  ဇွန် 

မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှနိုင်ငံဖြတ်ကျော် လမ်းကြမ်းတာဝေး ကားမောင်းပြိုင်ပွဲ ၂၀၁၉ (Sun Chlorella Asia Cross Country Rally 2019)ကို သြဂုတ်လ ၁၀ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

အဆိုပါ Asia Cross Country Rally ပြိုင်ပွဲကို ဂျပန်နိုင်ငံအခြေစိုက် R 1 Japan အဖွဲ့မှစတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သည် ၂၄ ကြိမ်မြောက် ပြိုင်ပွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သော ၁၈ နှစ် ခန့်က အဆိုပါပြိုင်ပွဲမှ ယာဉ်မောင်းများသည် ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့အသွားတွင် မြန်မာနိုင်ငံကို တာချီ လိတ်မြို့မှ ဖြတ်သန်းခဲ့ဖူးကြောင်း သိရသည်။ ထို့နောက် ၁၈ နှစ်အကြာတွင် အိမ်ရှင်အနေဖြင့် ကျင်းပရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

အာရှနိုင်ငံဖြတ်ကျော် လမ်းကြမ်းတာဝေးကားမောင်းပြိုင်ပွဲ ၂၀၁၉ ကို ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေမှနေ၍ စတင်တာလွှတ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ နေပြည်တော်၌ တာဝင်မည်ဖြစ်သည်။ လမ်းတစ်လျှောက် ဖြစ်သည့် ထိုင်းနိုင်ငံတွင် ၃ ညနှင့် မြန်မာနိုင်ငံတွင် ၃ ညအိပ်မည့်အနက် Day 4 တွင် ဘားအံ၊ Day 5 နှင့် Day 6 တို့တွင် နေပြည်တော်၌ ညအိပ်ရပ်နားမည်ဖြစ်သည်။ ၆ ရက်ကြာ ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲဝင် ယာဉ်မောင်းများအနေဖြင့် ခရီးအကွာအဝေး ကီလိုမီတာ ၂၀ဝ၀ ကျော်ကို မောင်းနှင်ရမည်ဖြစ်သည်။

 

mdn

 

“မြန်မာနိုင်ငံအတွင်း ပြိုင်မယ့်လမ်းကြောင်းတွေကတော့ Day 4 မှာ မြဝတီနဲ့ ဘားအံကြားမှာရှိတဲ့ လမ်း ကြောင်းတွေဖြစ်တယ်။ Day 5 အတွက်ကတော့ ဘားအံကနေ နေပြည်တော်ကြားမှာရှိတဲ့ လမ်းကြောင်း တစ်လျှောက်မှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ Day 6 အတွက်ကျတော့ နေပြည်တော်အနီးအနား တစ်ဝိုက်မှာရှိ တဲ့လမ်းကြောင်းတွေမှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်” Myanmar Motorsports Organization ဥက္ကဋ္ဌ ကိုကျော်ဇေယျာဝင်းက ပြောကြားသည်။

ပြိုင်ပွဲအမျိုးအစားများအနေဖြင့် AUTO (ကား)၊ MOTO (ဆိုင်ကယ်)နှင့် SIDECAR (ဘေးတွဲဆိုင်ကယ်) ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ဆိုင်ကယ် ၂ စီးနှင့် ကားနှစ်စီး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်၊ မြန်မာ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ မလေးရှား၊ သြစတြေးလျ၊ ဥရောပနှင့် ထိုင်းနိုင်ငံတို့မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

အဆိုပါ နိုင်ငံဖြတ်ကျော် ကားမောင်းပြိုင်ပွဲများကို ဂျပန်နိုင်ငံ Sun Chlorella မှ အဓိက ကူညီပံ့ပိုးပေးလျက်ရှိကြောင်း အာရှတစ်ခွင် မြှင့်တင်ပေးနိုင်ရန်နှင့် အာရှပြိုင်ပွဲဝင်များအနေဖြင့် ကမ္ဘာ့အဆင့်ထိ တက်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း ပြိုင်ပွဲဝင်မည့် မော်တော်ယာဉ်များ အနေဖြင့် လက်ရှိတွင် ကားအစီး ၃၀ ကျော်နှင့် ဆိုင်ကယ်အစီး ၄၀ ကျော် စာရင်းရရှိထားပြီးဖြစ်ကြောင်း၊ ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးများဖြစ်သော တိုယိုတာ၊ အီဆူဇူး၊ ဖို့ဒ်၊ ဆူဇူကီးတို့မှလည်း ဝင်ရောက် ယှဉ်ပြိုင်ကြလေ့ရှိကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း