ရန်ကုန်  ၂၉  စက်တင်ဘာ

 

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညိုနှင့် လူငယ်အစီအစဉ်ရေးရာ ကင်းထောက်ညှိနှိုင်းရေးမှူး ဦးဖြိုးသူရဝင်းတို့သည် တရုတ်(တိုင်ပေ) တွင် စက်တင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် အာရှနှင့်ပစိဖိတ်ဒေသ ကင်းထောက်လုပ်ငန်းဆိုင်ရာများ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားသို့ အာရှပစိဖိတ်ဒေသ (၁၈)နိုင်ငံမှ ကင်းထောက်ချုပ်များ၊ နိုင်ငံတကာ ကင်းထောက်မှူးချုပ်များ၊ အထွေထွေအတွင်းရေးမှူးများ အပါအဝင် ကင်းထောက်ကိုယ်စား များတက်ရောက်ကြသည်။

 

ညှိနှိုင်းဆွေးနွေးပွဲတွင် ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင်နိုင်ငံများ၏ လုပ်ငန်းအရည်အသွေး မြင့်မားစေရန် ကမ္ဘာ့ကင်းထောက် အဖွဲ့ချုပ်က ချမှတ်ထားသော {{ကမ္ဘာလုံးဆိုင်ရာ ဆန်းစစ် နည်းစနစ်များ}} ထိရောက်စွာ ပိုမိုကျင့်သုံး ဆောင်ရွက်လာစေနိုင်ရေးအတွက် အဆိုပါစနစ်၏ သဘောသဘာဝ၊ တည်ဆောက်ပုံ၊ လုပ်ငန်းအဆင့်များ၊ လိုအပ်သည့် စာရင်းအချက်အလက်များ၊ သတင်းအချက်အလက် ခိုင်မာမှု၊ ငွေကြေးဆိုင်ရာ မူဝါဒတို့ကိုအခြေခံ၍ပို့ချခြင်း၊ ဆွေးနွေးခြင်း၊ လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြသည်။

 

လုပ်ငန်းဆွေးနွေးပွဲအတွင်း တက်ရောက်လာကြသည့် ကိုယ်စားလှယ်များသည် လေ့လာရေး အဖြစ် Hsing Tian Kong ဘုရားကျောင်း၊ ဒေါက်တာဆွန်ယက်ဆင် အထိမ်းအမှတ် ဥယျာဉ်နှင့် တိုင်ပေကင်းထောက်ဆိုင်တို့ကို သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)