(၂၅-၆-၂၀၂၀ ရက်၊ နေပြည်တော်)

 

အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဘာရိန်းနိုင်ငံတို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား (၁၄၃) ဦးအား ဒိုဟာအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက် ၀၁:၅၀ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

 

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

 

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် ပိတ်မိ၍ အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ မြန်မာသံရုံးများနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့်ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိပါရာ ယနေ့အချိန်ထိ မြန်မာနိုင်ငံသားဦးရေစုစုပေါင်း (၅၀၃၆) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

 

Crd> Ministry of Foreign Affairs Myanmar