ရန်ကုန်     မတ်     ၂၂

၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲမှ အာဖဂန်နစ္စတန်အသင်းနှင့် မြန်မာအသင်းတို့၏ ဒုတိယအကျော့ပွဲကို ရန်ကုန်မြို့ရှိ  သုဝဏ္ဏကွင်း၌  ပြောင်းလဲကျင်းပမည်ဖြစ်ပြီး မတ် ၂၆ ရက် ညနေ ၅ နာရီတွင် ကျင်းပမည်ဖြစ်သည်။

ယင်းပွဲမှာ  ၂၀၂၅  ခုနှစ် နိုဝင်ဘာလကတည်းက ကစားရမည်ဖြစ်သော်လည်း အာဖဂန်နစ္စတန်အသင်း၏ အိမ်ကွင်းအခက်အခဲကြောင့် ယခုနှစ် မတ်လသို့ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ပြီး မတ် ၂၆ ရက်တွင် ကာတာနိုင်ငံ၌  ကစားရန်စီစဉ်ထားသော်လည်း  လက်ရှိဖြစ်ပေါ်နေသည့်  အခြေအနေများကြောင့်  ကာတာနိုင်ငံ၌ ကစားရန်အဆင်မပြေသဖြင့် အာရှဘောလုံးအဖွဲ့ချုပ်က ကွင်းပြောင်းလဲရန်  ဆုံးဖြတ်ခဲ့ပြီး နောက်ဆုံးတွင် မြန်မာနိုင်ငံ၌ ကျင်းပရန် နှစ်ဖက်ဘောလုံးအဖွဲ့ချုပ် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်  မြန်မာအသင်းသည် အာဖဂန်နစ္စတန်အသင်းနှင့် နှစ်ပွဲစလုံးကိုအိမ်ကွင်း လက်ခံကစားရမည်ဖြစ်ပြီး ပထမအကျော့တွေ့ဆုံမှုတွင် မြန်မာအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။   မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲဖြစ်သည့် ပါကစ္စတန်အသင်းနှင့်ပွဲကို မတ် ၃၁ ရက်တွင်  ပါကစ္စတန်နိုင်ငံ၌ သွားရောက်ကစားရမည်ဖြစ်သည်။ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲ အုပ်စု(E)တွင် ဆီးရီးယားအသင်းက ငါးပွဲကစား ၁၅ မှတ်ဖြင့်  ခြေစစ်ပွဲအောင်မြင်ထားပြီး မြန်မာအသင်းက  လေးပွဲကစား ခြောက်မှတ်၊ အာဖဂန်နစ္စတန်အသင်းက  နှစ်ပွဲကစား  နှစ်မှတ်၊ ပါကစ္စတန်အသင်းက ငါးပွဲကစား နှစ်မှတ်ရရှိထားသည်။

စခန်းဝင်လေ့ကျင့်

မြန်မာအသင်းသည်  အုပ်စု လက်ကျန်နှစ်ပွဲအတွက်  ပဏာမကစားသမား ၂၈ ဦးဖြင့် မတ် ၁၉ ရက်မှ စ၍ စခန်းဝင်လေ့ကျင့်နေပြီး ပဏာမလူစာရင်းတွင် ဂိုးသမား-ဇင်ညီညီအောင်၊ ဆန်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)၊ နေလင်းထက်(ဟံသာဝတီယူနိုက်တက်)၊ နောက်တန်း-ဟိန်းဖြိုးဝင်း (နာခွန်ရတ်ချာစီမာ-ထိုင်း)၊ အောင်ဝဏ္ဏစိုး၊ ဇွဲခန့်မင်း၊ နန္ဒကျော်(ရှမ်းယူနိုက်တက်)၊  ဟိန်းဇေယျာလင်း၊ သူရိန်စိုး(ရန်ကုန်ယူနိုက်တက်)၊ စိုးမိုးကျော် (အူထိုင်းထာနီ-ထိုင်း)၊ မြတ်ဘုန်းခန့်(သစ္စာအားမာန်)၊ အလယ်တန်း-ဝေလင်းအောင်(နီဂျီရီဆီဘမ်လန်-မလေးရှား)၊ အောင်မျိုးခန့်၊ ဇော်ဝင်းသိန်း(ရန်ကုန်ယူနိုက်တက်)၊ မင်းမော်ဦး(သစ္စာအားမာန်)၊ လွင်မိုးအောင်(မဟာဆာရာခမ်-ထိုင်း)၊ ကျော်မင်းဦး(တီရန်ဂါနူး-မလေးရှား)၊ ရဲရင့်ဖြိုး(ဒဂုံစတားယူနိုက်တက်)၊ မြတ်ကောင်းခန့်၊ ရဲရင့်အောင်၊  ခွန်ကျော်ဇင်ဟိန်း (ရှမ်းယူနိုက်တက်)၊  ဟိန်းထက်အောင်(ကီလန်တန်-မလေးရှား)၊ ရှေ့တန်း-ဝင်းနိုင်ထွန်း(ရန်ကုန်စီးတီး)၊  သန်းပိုင်(ထရတ်-ထိုင်း)၊ ပြည်မိုး(ရတနာပုံ)၊ သန်းတိုးအောင် (ဟံသာဝတီယူနိုက်တက်)၊ လှဘုန်းဦး(Chinland)နှင့် စအောင်ပြည့်ကို(ရှမ်းယူနိုက်တက်)တို့ ပါဝင်ကြသည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-စိုးညွန့်သော်