အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ အုပ်စုပထမပွဲတွင် မြန်မာအသင်း အရေးနိမ့်

 

ရန်ကုန်    စက်တင်ဘာ    ၁၁

 

၂၀၂၃ အာရှဖလား   ယူ-၂၀ ခြေစစ်ပွဲ အုပ်စု (က) ပထမနေ့အဖြစ် မြန်မာအသင်းနှင့် တရုတ်အသင်းတို့ မြန်မာစံတော်ချိန် စက်တင်ဘာ ၁၁ ရက် နံနက် ၁ နာရီက ဆော်ဒီ အာရေဗျနိုင်ငံ၌ ယှဉ်ပြိုင်ကစားရာ တရုတ်အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

 

မြန်မာအသင်းသည် အာရှအင်အားကြီး တရုတ်အသင်းကို မိနစ် ၉၀ အထိ တစ်ဂိုးစီ သရေကစားနိုင်သော်လည်း နာကျင်အချိန်ပိုတွင်   ပင်နယ်တီနှစ်ဂိုး ပေးလိုက်ရပြီး အရေးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

 

၁၃ မိနစ်တွင်   အာဖာယီဒင်က  တရုတ်အသင်းအတွက် ဂိုးစတင်သွင်းယူခဲ့သော်လည်း ၂၂ မိနစ်တွင် မြန်မာအသင်း ချေပဂိုးပြန်ရကာ ဥက္ကာနိုင်က သွင်းယူခဲ့သည်။ ဂိုးရပြီး နောက်ပိုင်းတွင် မြန်မာအသင်း ဂိုးပေါက်ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ဂိုးထပ်မရသဖြင့် ပထမပိုင်းအပြီးတွင် တစ်ဂိုးစီ သရေကျနေသည်။ ဒုတိယပိုင်းတွင် တရုတ်အသင်း က ဂိုးရရန်  ကြိုးပမ်းလာသော်လည်း မြန်မာအသင်းခံစစ် ဖျက်ထုတ်နိုင်ခဲ့သဖြင့် မိနစ် ၉၀ အထိ သရေကျနေပြီး နာကျင် အချိန်ပိုတွင် တရုတ်အသင်းက ပင်နယ်တီနှစ်ဂိုးရကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ တရုတ်အသင်းအတွက် အနိုင်ဂိုးများကို ၉၀+၂ မိနစ်တွင် အာဖာယီဒင်၊ ၉၀+၅ မိနစ်တွင် အဗ္ဗဒူလာ တို့က ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့ခြင်းဖြစ်သည်။

 

မြန်မာအသင်းသည် ခြေစစ်ပွဲတွင် ဆော်ဒီအာရေဗျ၊ တရုတ်၊ ဥဇဘက်ကစ္စတန်၊ မော်လ်ဒိုက်တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေခြင်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် မြန်မာစံတော်ချိန် စက်တင်ဘာ ၁၂ ရက်  ည ၉ နာရီ ၄၅ မိနစ်တွင် ဥဇဘက်ကစ္စတန်အသင်း နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း - ကိုညီလေး

ဓာတ်ပုံ - MFF