ရန်ကုန်   နိုဝင်ဘာ   ၁  

၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (I) နောက်ဆုံးနေ့ကို နိုဝင်ဘာ ၂ ရက် (ယနေ့) ဆက်လက် ကျင်းပမည်ဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ရေးအဆုံးအဖြတ်ပွဲများ ပါဝင်လျက်ရှိသည်။

မြန်မာအသင်း ပါဝင်သော အုပ်စု (I) နောက်ဆုံးနေ့ပွဲအဖြစ် မြန်မာနှင့် ဗီယက်နမ်အသင်းတို့ ယနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ကာဂျစ္စတန်နိုင်ငံ၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာနှင့် ဗီယက်နမ် အသင်းတို့မှာ ခြေစစ်ပွဲအောင်မြင်ရေးအတွက် မဖြစ်မနေအနိုင်ကစားရမည်ဖြစ်ပြီး အရေးနိမ့် သည့်အသင်းမှာမူ အကောင်းဆုံးအုပ်စု ဒုတိယနေရာရ ထိပ်ဆုံးလေးသင်း စာရင်းပါရန်သာ မျှော်လင့် ရမည်ဖြစ်သည်။ အုပ်စု (I) တွင် သုံးသင်းသာပါဝင်ပြီး နိုင်ပွဲကိုယ်စီရထားသည့် မြန်မာနှင့် ဗီယက်နမ် အသင်းတို့ အပြိုင်ဖြစ်နေခြင်းဖြစ်သည်။ ယင်းနှစ်သင်းစလုံးသည် တရုတ် (တိုင်ပေ)ကို တစ်ဂိုး-ဂိုးမရှိဖြင့်သာ အနိုင်ရထားရာ ရမှတ်၊ ဂိုးကွာခြားချက်၊ သွင်းဂိုး၊ ပေးဂိုးအားလုံး တူညီလျက်ရှိသည်။ ယခုပွဲတွင် အနိုင်ရသည့်အသင်းမှာ အုပ်စုပထမရပြီး ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သော်လည်း သရေကျ ပါက အုပ်စုပထမနေရာအတွက် ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းရမည်ဖြစ်သည်။ မြန်မာအသင်း အနေဖြင့် အနိမ့်ဆုံး သရေကစားနိုင်လျှင်ပင်ခြေစစ်ပွဲအောင်မြင်ရန် သေချာသလောက်ရှိနေသည်။ လက်ရှိ အကောင်းဆုံး ဒုတိယနေရာရအသင်းများတွင် ထိုင်းအသင်းနှင့် တာ့ခ်မင်နစ္စတန်အသင်းတို့က ခြေစစ်ပွဲအောင်မြင်ရန် သေချာသလောက်ရှိနေပြီး မြန်မာအသင်းမှာ အဆင့် ၃ နေရာတွင် ရပ်တည်လျက် ရှိသည်။

ခြေစစ်ပွဲကျင်းပနေသည့် ပုံစံအရ အုပ်စု ၁၁ ခုမှ ထိပ်ဆုံး ၁၁ သင်းနှင့် ဒုတိယနေရာရ  အသင်းများ အနက် အကောင်းဆုံးလေးသင်း စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ် သည်။ အောက်တိုဘာ ၃၁ ရက် ပွဲစဉ်များအပြီးထိ ကာတာ၊ အီရန်၊ အီရတ်၊ ကူဝိတ်၊ ယူအေအီး၊ ဂျော်ဒန်၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ မလေးရှားနှင့် ဂျပန်အသင်းတို့ ခြေစစ်ပွဲအောင်မြင်ထားသည်။ အုပ်စု (I) မှ ပထမ နေရာရတစ်သင်း ထပ်မံထွက်ပေါ်ရန် ကျန်ရှိနေပြီး အကောင်းဆုံးအုပ်စု ဒုတိယနေရာရ လေးသင်း မှာလည်း နိုဝင်ဘာ ၂ ရက်ပြီးဆုံးမှသာ အတည်ပြုနိုင်မည်ဖြစ်သည်။

ရဲရင့်လွင်