ဇူလိုင် ၁၀
၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ဇူလိုင် ၉ ရက်က ပြုလုပ်ခဲ့ရာ မြန်မာအသင်းသည် အုပ်စု (I) တွင် ဗီယက်နမ်၊ ဟောင်ကောင်၊ တရုတ်တိုင်ပေတို့နှင့် ကျရောက်ခဲ့သည်။
ခြေစစ်ပွဲကို အောက်တိုဘာ ၂၃ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဇုန်နှစ်ခုခွဲ၍ အနောက်အာရှဇုန်တွင် အုပ်စုခြောက်ခု၊ အရှေ့အာရှဇုန်တွင် အုပ်စုငါးခုခွဲ၍ ပြုလုပ်မည်ဖြစ်သည်။ ခြေစစ်ပွဲတွင် အသင်းပေါင်း ၄၂ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ၁၁ သင်းနှင့် ဒုတိယ နေရာရအသင်းများအနက် အကောင်းဆုံး လေးသင်း၊ စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။ မြန်မာအသင်းသည် လာမည့်ပြိုင်ပွဲတွင် တစ်ကျော့ပြန်ခြေစစ်ပွဲအောင်မြင်ရန် ကြိုးပမ်းရမည်ဖြစ်ပြီး ယခုခြေစစ်ပွဲတွင် တစ်အုပ်စုတည်းကျရောက်နေသည့် ဗီယက်နမ်အသင်းနှင့် ၂၀၁၄ ခြေစစ်ပွဲ၊ ဟောင်ကောင်၊ တရုတ်တိုင်ပေအသင်းတို့နှင့် ၂၀၁၆ ခြေစစ်ပွဲတို့တွင် တွေ့ဆုံခဲ့ဖူးပြီး ယခုတစ်ကျော့ပြန် ပြန်လည်တွေ့ဆုံခြင်းဖြစ်သည်။ ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာအသင်းကို နည်းပြချုပ်အဖြစ် ပိုပေါ့ဗ် (ဘူဂေးရီးယား) ကကိုင်တွယ်မည်ဖြစ်ပြီး ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲ ရွှေ့ဆိုင်းခဲ့သဖြင့် ယခုနှစ်အတွင်း အာရှခြေစစ်ပွဲသာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် အာရှဖလား ယူ-၂၃ ပြိုင်ပွဲတွင် ၂၀၁၄ တစ်ကြိမ်သာ ခြေစစ်ပွဲအောင်မြင်ဖူးပြီး ၂၀၁၆၊ ၂၀၁၈၊ ၂၀၂၀ ပြိုင်ပွဲတို့တွင် ခြေစစ်ပွဲမအောင်မြင်ခဲ့ပေ။
အုပ်စုမဲခွဲမှုအရ အနောက်အာရှဇုန် အုပ်စု (A) တွင် ဆီးရီးယား၊ ကာတာ၊ ယီမင်၊ သီရိလင်္ကာ၊ အုပ်စု (B) တွင် အီရန်၊ တာဂျစ်ကစ္စတန်၊ လက်ဘနွန်၊ နီပေါ၊ အုပ်စု (C) တွင် အီရတ်၊ ဘာရိန်း၊ အာဖဂန်နစ္စတန်၊ မော်လ်ဒိုက်၊ အုပ်စု(D) တွင် ဆော်ဒီအာရေဗျ၊ ဘင်္ဂလားဒေ့ရှ်၊ ကူဝိတ်၊ ဥဇဘက်ကစ္စတန်၊ အုပ်စု (E) တွင် ယူအေအီး၊ အိုမန်၊ အိန္ဒိယ၊ ကာဂျစ္စတန်၊ အုပ်စု (F)တွင် ဂျော်ဒန်၊ ပါလက်စတိုင်း၊ တာ့ခ်မင်နစ္စတန်၊ အရှေ့အာရှဇုန် အုပ်စု(G) တွင် သြစတြေးလျ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ အုပ်စု (H) တွင် တောင်ကိုရီးယား၊ စင်ကာပူ၊ တီမော၊ ဖိလစ်ပိုင်၊ အုပ်စု (I) တွင် ဗီယက်နမ်၊ မြန်မာ၊ ဟောင်ကောင်၊ တရုတ်တိုင်ပေ၊ အုပ်စု(J) တွင် ထိုင်း၊ မလေးရှား၊ လာအို၊ မွန်ဂိုလီးယား၊ အုပ်စု (K)တွင် မြောက်ကိုရီးယား၊ ဂျပန်နှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေသည်။
နောက်ဆုံးအဆင့်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်မှ ၁၉ ရက်အထိတွင် ဥဇဘက်ကစ္စတန်နိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး ဥဇဘက်ကစ္စတန်နိုင်ငံအနေဖြင့် နောက်ဆုံးအဆင့်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားသော်လည်း ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ြဖစ်သည်။ သို့သော် အာရှဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဥဇဘက်ကစ္စတန်အသင်း ရလဒ်များကို နောက်ဆုံးအဆင့်ရပ်တည်မှုတွင် ထည့်သွင်း တွက်ချက်မည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
သတင်း-ရဲရင့်လွင်