ရန်ကုန် အောက်တိုဘာ ၃၁
အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စု(၂) ဒုတိယနေ့အဖြစ် မြန်မာအသင်းနှင့် တရုတ်(တိုင်ပေ)အသင်းတို့ ယနေ့ညနေပိုင်းက ကာဂျစ္စတန်နိုင်ငံ၌ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
မြန်မာအသင်းသည် ယခုပွဲ အနိုင်ရလဒ်ကြောင့် ခြေစစ်ပွဲ အောင်မြင်ရေးမျှော်လင့်ချက်ရှိလာခဲ့ပြီး ဗီယက်နမ်နှင့် အပြိုင်လုရတော့မည်ဖြစ်သည်။ မြန်မာနှင့် ဗီယက်နမ်အသင်းတို့မှာ တရုတ်(တိုင်ပေ)ကို တစ်ဂိုး-ဂိုးမရှိ ရလဒ်များဖြင့်သာ အနိုင်ရထားသဖြင့် ထိပ်တိုက်တွေ့ဆုံသည့်ပွဲတွင် အနိုင်ရသည့်အသင်းမှာ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ပြီး အရေးနိမ့်သည့်အသင်းမှာ အကောင်းဆုံး ဒုတိယနေရာရလေးသင်းစာရင်းဝင်ရန်သာ ကြိုးပမ်းရမည်ဖြစ်သည်။
မြန်မာအသင်းသည် စိုးမိုးကျော်၊ လွင်မိုးအောင်၊ ထက်ဖြိုးဝေ၊ ဝင်းနိုင်ထွန်း၊ မြတ်ကောင်းခန့် စသည့် အမာခံ ကစားသမားများဖြင့် ပွဲထွက်ခဲ့ပြီး တရုတ်(တိုင်ပေ) အသင်းမှာလည်း နောက်ဆုံးပွဲဖြစ်သည့်အားလျော်စွာ အတောင့် တင်းဆုံးလူစာရင်းဖြင့် ပွဲထွက်ခဲ့သည်။ ပထမပွဲတွင် ဗီယက်နမ်ကို အရေးနိမ့်ထားသည့် တရုတ်တိုင်ပေ အသင်းအနေဖြင့် မြန်မာအသင်းထံမှ အမှတ်ရယူနိုင်ရန် ကြိုးပမ်းခဲ့ပြီး အပြန် အလှန်တိုက်စစ်ဆင်ကစားခဲ့သည်။
ပွဲအစပိုင်းတွင် မြန်မာအသင်းက ပိုဖိကစားနိုင်သော် လည်း ၁၀ မိနစ်နောက်ပိုင်းတွင် တရုတ်(တိုင်ပေ)အသင်းက ပြန်ဖိကစားနိုင်ခဲ့ကာ မိနစ် ၂၀ နောက်ပိုင်းတွင် ပွဲမှာအပြန် အလှန်ရှိခဲ့သည်။ ပထမပိုင်းတွင် မြန်မာအသင်း ဂိုးရနိုင် သည့် အခွင့်အရေးနှစ်ကြိမ်ရခဲ့သော်လည်း ဝင်းနိုင်ထွန်း၏
ပထမအကြိမ်ကန်သွင်းမှု ဘေးထွက်သွားသလို ဒုတိယ အကြိမ်မှာလည်း တိုင်ထိထွက်သွားသဖြင့် နစ်နာခဲ့ရသည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ကစားသမားများအပြောင်း အလဲပြုလုပ်ကာ တိုက်စစ်မြှင့်ခဲ့ပြီး မြန်မာအသင်းသည် ပထမပိုင်းလောက် ဂိုးသွင်းခွင့်မရသော်လည်း ၇၉ မိနစ်တွင် တစ်လုံးတည်းသော အနိုင်ဂိုးရရှိခဲ့သည်။ မြန်မာအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို လူစားဝင်ကစားသမား ကောင်းမြတ်သူက သွင်းယူခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် နိုဝင်ဘာ ၂ ရက်တွင် ဗီယက်နမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။ အုပ်စု(၂)ဒုတိယနေ့အပြီးတွင် မြန်မာနှင့် ဗီယက်နမ်အသင်းက သုံးမှတ်စီရထားပြီး နှစ်ပွဲစလုံး အရေးနိမ့်ခဲ့သည့် တရုတ် (တိုင်ပေ)အသင်းမှာမူ ခြေစစ်ပွဲအောင်မြင်ခွင့် ဆုံးရှုံးသွားပြီ ဖြစ်သည်။
သတင်း - ကိုညီလေး၊ ဓာတ်ပုံ - AFC