ရန်ကုန် ဇူလိုင် ၁၂
အောက်တိုဘာတွင် ယှဉ်ပြိုင်ရမည့် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာအသင်းကို နည်းပြချုပ်အဖြစ် ဘူဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ် တာဝန်ယူကိုင်တွယ်မည် ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ပိုပေါ့ဗ်ကို မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်အဖြစ် ၂၀၁၉ နှစ်ဆန်းပိုင်းတွင် စတင်ခန့်အပ်ခဲ့ပြီး ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့သဖြင့် သက်တမ်းတိုးမြှင့်ထားခြင်းဖြစ်သည်။ ပိုပေါ့ဗ်သည် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲကို ဒုတိယအကြိမ် ကိုင်တွယ်ခွင့်ရခြင်းဖြစ်ပြီး ၂၀၁၉ မတ်လတွင်ကျင်းပသည့် ၂၀၂၀ ခြေစစ်ပွဲတွင် ပထမအကြိမ် ကိုင်တွယ် ခဲ့သည်။ မြန်မာအသင်းသည် ယင်းခြေစစ်ပွဲတွင် မကာအိုနှင့် တီမောကို အနိုင်ရသော်လည်း နောက်ဆုံးပွဲ တွင် ဂျပန်အသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့သဖြင့် ဒုတိယနေရာသာရခဲ့ပြီး အကောင်းဆုံးအုပ်စု ဒုတိယ နေရာရ လေးသင်းစာရင်းမဝင်ခဲ့သဖြင့် ခြေစစ်ပွဲမအောင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲကို အောက်တိုဘာ ၂၇ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု()တွင် ဗီယက်နမ်၊ ဟောင်ကောင်၊ တရုတ်(တိုင်ပေ)အသင်း တို့နှင့် ကျရောက် နေသည်။ ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ တွင် အုပ်စု(၁၁)ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုပထမ နေရာရ ၁၁ သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံး လေးသင်း စုစုပေါင်း ၁၅ သင်းမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
ပိုပေါ့ဗ်သည် ၂၀၁၉ ခုနှစ်တွင် မြန်မာ ယူ-၂၂ အသင်းကို နိုင်ငံတကာပြိုင်ပွဲသုံးခု ကိုင်တွယ်ခဲ့ပြီး အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲတွင် ရလဒ်မကောင်းခဲ့သော်လည်း ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျင်းပသည့် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့သည်။
သတင်း - ကိုညီလေး၊ ဓာတ်ပုံ - MFF