ရန်ကုန် ဖေဖော်ဝါရီ ၂၀
အာရှဖလားဘောလုံးပြိုင်ပွဲ အသက်(၁၇)နှစ်အောက် ချစ်ကြည်ရေးခြေစမ်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ဌာနဆိုင်ရာများနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက အာရှ ဖလားဘောလုံးပြိုင်ပွဲ အသက် (၁၇)နှစ်အောက် မြန်မာ့လက်ရွေးစင်အမျိုးသား ဘောလုံးအသင်းနှင့် အသက်(၁၇) နှစ်အောက် အိန္ဒိယလက်ရွေးစင်ဘောလုံးအသင်း ချစ်ကြည်ရေးခြေစမ်းပွဲကို မတ် ၃ ရက်မှ ၅ ရက်အထိ အိမ်ရှင်အဖြစ် သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အသင်းများအတွက် ပြည်ဝင်ခွင့် ဆိုက်ရောက်ဗီဇာ ကင်းလွတ်ခွင့်ရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ တည်းခိုနေထိုင်စားသောက်ရေးဆိုင်ရာများ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာများနှင့် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေး သက်ဆိုင်ရာဌာနများအနေဖြင့် အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ ပြိုင်ပွဲများ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ပြိုင်ပွဲ လက်ခံကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အတွင်းရေးမှူးက ဘောလုံးပြိုင်ပွဲနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာသူများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး တာဝန်ရှိသူများက ပြိုင်ပွဲနှင့်ပတ်သက်သည့်လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
သတင်းစဉ်


