mdn

သတင်းဆောင်းပါး - ခင်မောင်ညို(ဘောဂဗေဒ)

 

အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ရဲ့ သုံးသပ်ချက်က ဘတ်ဂျက်နှစ်အကူး အပြောင်းအလဲကြားကာလ ခြောက်လအတွက် သုံးသပ်ထားတယ်။ ခြောက်လအတွင်းမှာ သာမန်စာရင်းလိုငွေကျတယ်။ ငွေဖောင်းပွ မှုမြန်လာတယ်။ အခုလောလောဆယ်မှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဦးမော့လာနိုင်လို့စီးပွားရေးပြန်တက်တယ်လို့ မှန်းထားတာတွေ တွေ့ရတယ်။ သာမန်စာရင်းလိုငွေဟာ လက်ရှိနှစ်နဲ့ နောက်နှစ်တွေမှာ ပိုများလာတယ်။ ဒီနှစ်မှာ ငွေဖောင်းပွမှုသက်သာပြီး နောက်နှစ်ကျရင် ပြန်တက်လာမယ်လို့တွက်ထားတာပါ။

 

 ကြားကာလဘတ်ဂျက်ဆိုတာ သိကြတဲ့အတိုင်း ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ၂၀၁၈ ခုနှစ်စက်တင်ဘာလ ၃၀ ရက်နေ့အထိကို ဆိုလိုပါတယ်။ ဒီကာလအတွင်း ပို့ကုန်တက်တယ်။ ပြည်တွင်းဝယ်လိုအားကျတယ်။ ဒေါ်လာ ဈေးတက်၊ မြန်မာငွေဈေးကျလို့ကုန်ပစ္စည်းတင်ပို့မှုဟာ ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးတဲ့ ဘဏ္ဍာနှစ်အတွင်း ၁၀ ဒသမ ၅ ရာခိုင်နှုန်း သာ တိုးတက်ရာက ၂၀၁၈ ကြားကာလမှာ ၁၉ ရာခိုင်နှုန်း လောက် အရင်နှစ်ကထက် တက်လာတာကို တွေ့ရတယ်။

 

 ဝင်ငွေတိုးတက်မှုနှေးတာရယ်၊ ငွေဖောင်းပွမှုမြင့်မားနေတာရယ်ကြောင့် ပြည်တွင်းစားသုံးမှုလည်း နှေးတယ်။ ၂၀၁၈ ဇန်နဝါရီလကနေ ဩဂုတ်လအတွင်း ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု အရင်နှစ်ကထက်တစ်ရာ ခိုင်နှုန်း တက်လာတာက အမေရိကန်၊ ဥရောပနဲ့အိုရှင်းနီးယားဒေသကလာတဲ့ ဧည့်သည်တွေလျော့ကျ သွားပေမယ့် အာရှဒေသကလာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ပိုများလာလို့ပါ။ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ သုံးသပ်ရာ မှာတော့ အစိုးရရဲ့ အသုံးစရိတ်သုံးစွဲဖြန့်ဝေမှု နှေးကွေးတာ၊ ရင်းနှီးမြှုပ်နှံသူတွေစိတ်အားထက် သန်မှုနည်းတာနဲ့ ခွင့်ပြုချက်ပေးရတဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှေးကွေးတာတွေကြောင့် ဖြစ်နိုင်တယ်လို့ တွက်ဆထားတာ တွေ့ရပါတယ်။ ခွင့်ပြုချက်ထုတ်ပေးရတာက ၂၀၁၇ ဧပြီလကနေ စက်တင်ဘာလ အတွင်း ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံ ရှိပေမယ့် ၂၀၁၈ ဘဏ္ဍာနှစ်မှာက ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံပဲ ရှိတာပါ။

 

၂၀၁၈ ဘဏ္ဍာနှစ်မှာ ရာသီဥတုအတော်လေး ကောင်းနေလေတော့ စိုက်ပျိုးရေးကဏ္ဍက တိုးတက်မှုမြန်ဆန်ပြီး စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုတို့ နှေးကွေးခဲ့ကြ ပါတယ်။

 

နိုင်ငံတကာ ရေနံဈေးတွေ မြင့်နေတာရယ်၊ ဒေါ်လာနဲ့ ယှဉ်လိုက်ရင် မြန်မာကျပ်ငွေတန်ဖိုးကျနေတာ တွေရယ်ကြောင့် ၂၀၁၇ ဘဏ္ဍာနှစ်အတွင်းက လေးရာ ခိုင်နှုန်းလောက်ပဲရှိခဲ့တဲ့ ငွေဖောင်းပွမှုဟာ ၇ ဒသမ ၁ ရာခိုင်နှုန်းအထိ တက်လာတာကို တွေ့ရတယ်။ ကျပ်ငွေက ဧပြီလနဲ့ စက်တင်ဘာလအတွင်း ၁၆ ဒသမ ၇ ရာ ခိုင်နှုန်းလောက် တန်ဖိုးကျသွားတာ။ အခုလို ကျပ်ငွေတန်ဖိုးကျရတဲ့အကြောင်းတစ်ခုကတော့ ဗဟိုဘဏ်က ငွေဖလှယ်နှုန်း အတက်၊ အကျနဲ့ပတ်သက်လို့ သတ်မှတ်ထားတဲ့ဘောင်ကို ၂၀၁၈ ခုနှစ် ဩဂုတ်လမှာ ပယ်ဖျက်ပစ်လိုက်တာဟာ အကြောင်းတရားတစ်ခုလို့ ထောက်ပြ ထားတာ တွေ့ရပါတယ်။

 

 ပြည်တွင်းမှာ ဝယ်လိုအားနည်းနေလေတော့ ပြည်ပကနေ ကုန်ပစ္စည်းတင်သွင်းမှုလည်း နှေးသွားခဲ့ပါတယ်။ (ဒေါ်လာဈေးတက်လို့ သွင်းကုန်တွေကလည်း ဈေးတက်သွားခဲ့ပါတယ်။) ဒါကြောင့် ၂၀၁၇ ဘဏ္ဍာနှစ်တုန်းက သွင်းကုန်ဟာ အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၉ ဒသမ ၃ ရာခိုင်နှုန်း တိုးလာပေမယ့် အခုနှစ်မှာ ယခင်နှစ်ကထက်၅ ဒသမ ၅ ရာခိုင်နှုန်းသာ တက်ခဲ့တော့ ကုန်သွယ်မှုလိုငွေလည်း လျော့ကျသွားခဲ့ပါတယ်။

 

ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ပတ်သက်လို့ ကိုယ့်ဘက်က အသားတင်ရတာရယ်၊ ကုန်ုသွယ်မှုလိုငွေ လျော့ကျ သွားတာရယ်ကြောင့် သာမန်စာရင်းလိုငွေလည်း ၂၀၁၇ ဘဏ္ဍာနှစ်မှာ ဂျီဒီပီရဲ့ ၄ ဒသမ ၇ ရာခိုင်နှုန်းသာရှိရာက ၂ ဒသမ သုည ရာခိုင်နှုန်းလောက်ပဲ ရှိပါတော့တယ်။ ၂၀၁၈ ဘဏ္ဍာနှစ်မှာ နိုင်ငံတော်သီးသန့်ရန်ပုံငွေဟာ သွင်းကုန် သုံးလစာကျော်ကျော်ရှိနေတာကို တွေ့ရပါတယ်။

 

 အာရှဖွံ့ဖြိုးရေးဘဏ်က အစိုးရရဲ့ ဘတ်ဂျက်နဲ့ပတ်သက်လို့ သုံးသပ်ရာ မှာတော့ အစိုးရရဲ့ ရငွေတိုးတက်လာဖို့ ရည်မှန်းတာ မတွေ့ရပေမယ့် ရည်မှန်းချက်ကြီးမားတဲ့လုပ်ငန်းကြီးတွေအတွက် သုံးစွဲမယ့်လျာထားချက်တွေ တွေ့ရတော့ ၂၀၁၈ ဘတ်ဂျက်ဟာ လက်ဖွာတဲ့ဘတ်ဂျက်ဖြစ်မယ့်ပုံ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အရင်နှစ်ကထက် ဘတ်ဂျက်လိုငွေပိုလာပြီး ဂျီဒီပီရဲ့ ၆ ဒသမ ၂ ရာ ခိုင်နှုန်းတောင် ရှိလာတယ်။ ၂၀၁၈ ဘဏ္ဍာနှစ်အချိန်ဟာ မိုးရာသီကျနေတာဖြစ်လို့ ရာသီဥတုကြောင့် လုပ်ငန်း စီမံကိန်းကြီးတွေ အကောင်အထည်ဖော်ဖို့ ခက်ခဲတယ်။ ဒါကြောင့် လက်တွေ့မှာ မှန်းသလို မသုံးစွဲနိုင်လို့ ဘတ်ဂျက်လို ငွေကျဆင်းပြီး ဂျီဒီပီရဲ့ ၄ ဒသမ ၅ ရာခိုင်နှုန်းလောက်ပဲဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

ငွေကြေးမူဝါဒနဲ့ပတ်သက်လို့ တိုးသာ၊ ဆုတ်သာရှိပြုပြင်ပြောင်းလဲလွယ်တဲ့ ငွေဖလှယ်နှုန်းဖြစ်ရေး ဘဏ်တွေ စည်းမျဉ်းစည်းကမ်းလိုက်နာဖို့နဲ့ ချေးငွေနဲ့ပတ်သက်လို့ ကြုံတွေ့နိုင်တဲ့ စွန့်စားမှုတွေကို ကြိုတင်ပြင်ဆင် စီမံကြရေး ဆက်လက်ဆောင်ရွက်နေတာတွေ့ရကြောင်း၊ ၂၀၁၈ ခုနှစ် ဇွန်လအထိ ငွေစက္ကူငွေအကြွေတွေနဲ့ ဘဏ်အပ်ငွေတွေပါဝင်တဲ့ ငွေကြေးပမာဏဟာ အရင်နှစ်ကထက် ၁၈ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာပြီး ပုဂ္ဂလိက ကိုထုတ်ပေးတဲ့ ချေးငွေဟာ အရင်နှစ်ကထက် ၂၃ ဒသမ ၇ ရာခိုင်နှုန်း တိုးလာတာကိုလည်း ထည့်သွင်းဖော်ပြ ထားပါတယ်။

 

ရှေ့အလားအလာများ

 

မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာကို တွက်ဆရာမှာ ပြင်ပပတ်ဝန်းကျင်အခြေအနေက သိပ်မကောင်းလှဘူး လို့ အာရှဖွံ့ဖြိုးရေးဘဏ်က မြင်တယ်။ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ စီးပွားရေးအလားအလာ သိပ်မကောင်း နိုင်ဘူးလို့တွက်ဆထားတယ်။ ဒါပေမယ့် လက်လီကုန်သွယ်ရေး၊ လက်ကားကုန်သွယ်ရေးနဲ့ အာမခံ လုပ်ငန်းတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ခွင့်ပေးလိုက်တဲ့အတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ တိုးပွားလာနိုင်တယ်။ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ကုမ္ပဏီဥပဒေကြောင့်လည်း ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာနိုင်တယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ် စက်တင်ဘာ လ ၃၀ ရက်နေ့မှာ ပြီးဆုံးမယ့် ဘဏ္ဍာနှစ်အတွက် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်အတွက် ၆ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်းထားတယ်။

 

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုတာတွေပြန်လည်ဦးမော့မယ့်အလားအလာကိုလည်း တွေ့နေ ရတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၉ ခုနှစ်ဇန်နဝါရီလအတွင်း ခွင့်ပြုချက်ထုတ်ပေးခဲ့တဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ အရင်နှစ်ကထက် နှစ်ဆ တက်လာလို့ အရင်က ဒေါ်လာ ၈၂၃ သန်းလောက်ရှိရာ ကနေ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံလောက်အထိ ဖြစ်လာ ခဲ့တယ်။ အဓိကကတော့ စင်ကာပူနဲ့ အခြားအာရှနိုင်ငံတွေက စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဝင်ရောက်မြှုပ်နှံလာကြလို့ပါ။ မကြာသေးမီက နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက် တောင်းခံရာ မှာနဲ့ အကောင်အထည်ဖော်ရာ မှာ စံချိန်စံနှုန်းနဲ့ သတ်မှတ်ချက် တွေပြုလုပ်ခဲ့တာကြောင့်လည်း အချိန်တိုအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တွေ စီးဝင်လာမယ့် အလားအလာတွေရှိနေတယ်။

 

အခြားကဏ္ဍတွေမှာ တိုးတက်မှုတွေ ရှိလာသလိုအောက်တိုဘာလကစပြီး ခြောက်သွေ့ရာ သီမှာ ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်း ဦးမော့လာခဲ့မယ်ဆိုရင် ဝန်ဆောင်မှုကဏ္ဍဟာ ကိုးရာခိုင်နှုန်းလောက် တိုးတက်လာနိုင်တယ်။ ၂၀၁၈ နှစ်လယ်မှာ ရေလွှမ်းမိုးလို့ နိုဝင်ဘာလမှာ ဆန်အထွက်ကို ထိခိုက်နိုင်တဲ့အတွက် စိုက်ပျိုးရေးကဏ္ဍတိုးတက်မှု နှေးသွားပြီး သုည ဒသမ ၅ ရာခိုင်နှုန်းလောက်ပဲ တိုးတက်နိုင်တယ်။ ပို့ကုန်အလားအလာမကောင်းတာနဲ့စိုက်ပျိုးရေးအခြေအနေမကောင်းတာကြောင့် ၂၀၁၉ ဘဏ္ဍာနှစ်မှာ စက်မှုလက်မှုကဏ္ဍဟာ ၈ ဒသမ၂ လောက်ပဲ တိုးတက်နိုင်မယ်။

 

ရေရှည်စဉ်ဆက်မပြတ်တိုးတက်ဖို့ဆိုရင် ငွေဖောင်း ပွမှုကို ထိန်းချုပ်နိုင်ဖို့လိုတယ်။ ငွေဖောင်းပွရင် ဒေါ်လာ ဈေးတက်၊ ကျပ်ငွေတန်ဖိုးကျနေဦးမှာပဲ။ ၂၀၁၉ ဘဏ္ဍာနှစ်မှာ နိုင်ငံတကာရေနံဈေးတွေ ကျလာတဲ့ အတွက်ငွေဖောင်းပွမှုနှုန်းဟာ ၆ ဒသမ ၈ ရာခိုင်နှုန်းလောက်ပဲရှိပြီး ၂၀၂၀ ဘဏ္ဍာနှစ်မှာတော့ ၇ ဒသမ ၅ ရာခိုင်နှုန်းအထိပြန်တက်နိုင်တယ်။

 

လက်ရှိနှစ်မှာရော လာမယ့်နှစ်မှာပါ ပို့ကုန်ကျပြီ အထူးသဖြင့် အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပါအဝင် ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ကြတာကြောင့် သွင်းကုန်တွေများလာလို့ကုန်သွယ်ရေးလိုငွေတွေ ကြီးလာနိုင်တယ်။ ကုန်သွယ်ရေးနဲ့ ဝန်ဆောင်မှုဦးမော့တော့ အသားတင်ဝင်ငွေတွေ တိုးပွားလာခဲ့ရင်တောင်မှ ၂၀၁၉ ဘဏ္ဍာနှစ်မှာ သာမန်စာရင်းလိုငွေ လေးရာခိုင်နှုန်းနဲ့ ၂၀၂၀ ဘဏ္ဍာ နှစ်မှာ ၅ ဒသမ သုညရာခိုင်နှုန်း ဖြစ်နိုင်တယ်။

 

 ဘဏ္ဍာရေးနဲ့ ငွေကြေးမူဝါဒတွေဟာ နိုင်ငံအဆင့်စီးပွားရေးတည်ငြိမ်ပြီး တိုးတက်မှုရရှိအောင်ဆက်ပြီး ကြိုးစားအားထုတ်နေကြမှာဖြစ်တယ်။ ဘတ်ဂျက်လိုငွေဟာ ဒီနှစ်ရဲ့ နောက်နှစ်မှာပါ ဂျီဒီပီရဲ့ ၄ ဒသမ ၅ ရာခိုင်နှုန်း မှာ မပြောင်းမလဲရှိနေနိုင်တယ်။ ဘတ်ဂျက်လိုငွေရဲ့ ငါးပုံတစ်ပုံကိုတော့ ဗဟိုဘဏ်က စိုက်ထုတ်ကျခံပေါ့။ ၂၀၂၂ ခုနှစ်ရောက်ရင် ဗဟိုဘဏ်က လိုငွေစိုက်ထုတ်စရာမလိုဘဲ ဘဏ္ဍာရေးတည်ငြိမ်မှုရအောင် ငွေကြေးနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒတွေ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်အောင် စီမံကိန်းချ လုပ်ဆောင်နေတယ်။

 

တကယ်လို့ ဥရောပသမဂ္ဂက မြန်မာပို့ကုန်တွေအတွက်အထူးအခွင့်အရေး (GSP) ပေးထားတာကို ရုပ်သိမ်းခဲ့ရင်ပို့ကုန်ရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကို ထိခိုက်ပြီး မြန်မာ့စီးပွားရေးအတွက် အလားအလာကောင်းတွေ လျော့ပါး နိုင်တယ်။ ပဋိပက္ခဖြစ်နေတဲ့နေရာတွေမှာ အခြေအနေ ပိုဆိုးလာခဲ့ရင်၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ အရှိန်နှေးသွားရင်တော့ ပြည်တွင်းအကြောင်းတရားတွေကြောင့်တိုးတက်မယ့်အလားအလာကောင်းတွေကို ထိခိုက်နိုင် တယ်။

 

မူဝါဒဆိုင်ရာ စိန်ခေါ်မှုများ

 

၂၀၁၆ ဧပြီလမှာ တက်လာခဲ့တဲ့ ဒီမိုကရေစီနည်းနဲ့ရွေးကောက်တင်မြှောက်ခဲ့တဲ့ အစိုးရဟာ အရင် ၂၀၁၁ ကတည်းက စတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုဆက်လက်ဆောင်ရွက်ခဲ့တယ်။ မကြာမီက အစိုးရရဲ့ဖွံ့ဖြိုးရေး မဟာဗျူဟာတွေကို မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀)၊ အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)၊ မြန်မာအမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁)၊ မြန်မာအမျိုးသားလူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၄) တွေနဲ့ထုတ်ပြန်ခဲ့တယ်။

 

အခုလို စတင်ကြိုးပမ်းအားထုတ်မှုတွေအပေါ် အခြေခံပြီးမြန်မာနိုင်ငံအနေနဲ့ အားလုံးအကျုံးဝင်တဲ့ဖွံ့ဖြိုးမှု ဖြစ်ပေါ်အောင် ပြုပြင်ပြောင်းလဲမှုတွေကိုအရှိန်မြှင့် ဆောင်ရွက်သွားသင့်တယ်လို့ အာရှဖွံ့ဖြိုးရေး ဘဏ်က အကြံပြုပါတယ်။ ဘဏ္ဍာရေးစနစ်တကျရှိပွင့်လင်းမြင်သာမှုနဲ့ စွမ်းဆောင်ရည်မြင့်မားမှုတွေ  ရရှိအောင် ဦးတည်ပြီး ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်ရမှာဖြစ်တယ်။ အဲဒီလို လုပ်ဆောင်ရာ မှာ ငွေတိုက်လုပ်ငန်းတွေခိုင်မာရေး၊ တောင့်တင်းရေး၊ ပိုပြီးစနစ်ကျတဲ့ အများ ပြည်သူရင်းနှီးမြှုပ်နှံမှု စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်မှုဖြစ်ရေး၊ ပြည်သူ့အသုံးစရိတ်တွေ ပိုထိရောက်လာအောင် ပိုသင့်လျော်တဲ့ စာရင်းကိုင်၊ စာရင်းစစ်စံချိန်စံနှုန်းတွေ ချမှတ်ကျင့်သုံးရေးတို့ ပါဝင်ပါတယ်။

 

စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်တွေ ပိုမိုကောင်းမွန်လာအောင် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းဆိုင်ရာ မူဝါဒတွေ ပိုမိုခိုင်မာပြီး မြင်သာလုပ်သာကိုင်သာရှိတဲ့ စီးပွားရေးပတ်ဝန်းကျင် ဖြစ်အောင်ဆောင်ရွက်နိုင်ရင် မြန်မာဟာ တခြားနိုင်ငံတွေနဲ့ပိုပြီး ပြိုင်ဆိုင် ပခုံးချင်းယှဉ်နိုင်စွမ်း မြင့်မား လာမှာဖြစ်တယ်။ ဒီလိုနဲ့ ဒေသဆိုင်ရာနဲ့ ကမ္ဘာ့အရောင်းကွင်းဆက်၊ တန်ဖိုးကွင်းဆက်နဲ့ မြန်မြန်ဆန်ဆန်ပေါင်းစည်းနိုင်တယ်။ ခိုင်မာအားကောင်းတဲ့ အုပ်ချုပ်ပုံအုပ်ချုပ်နည်းနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေဟာ နိုင်ငံတကာ အစိုးရချင်းပေးတဲ့အကူအညီ(ODA) တွေအပါအဝင် ရှားပါးတဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေကိုအကောင်းဆုံး အသုံးချပြီး အကျိုးအများဆုံးရှိလာစေဖို့ ကူညီဆောင်ရွက်ပေးနိုင်ပါတယ်လို့ သုံးသပ်ထားတယ်။

 

ရည်ညွှန်း - ADB- Asian Development Outlook 2019