အာရပ်သုံးနိုင်ငံသို့ လက်နက်များရောင်းချမှုကို ပိတ်ပင်ရန် အမေရိကန် ဆီးနိတ်လွှတ်တော်က မဲခွဲဆုံးဖြတ်မည်

၂၀ ဇွန် 

 


လွှတ်တော်၏ ပြန်လည်သုံးသပ်ချက်မပါရှိပဲ အာရပ်နိုင်ငံ သုံးနိုင်ငံသို့  လက်နက်များရောင်းချမည့်် ထရန့်အစိုးရ၏ကြိုးပမ်းမှုကို တားဆီးရန် အမေရိကန် ဆီးနိတ်လွှတ်တော်က ယနေ့မဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

 


ဂျော်ဒန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)နှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့ လက်နက်ရောင်းချမှုကို ပိတ်ပင်ရန် ဒီမိုကရက်ထောက်ခံသူ Menendez နှင့် ဆီးနိတ်လွှတ်တော်ခေါင်းဆောင် Mitch McConnell တို့သည် မဲခွဲဆုံးဖြတ်မှုပြုလုပ်ရန် ယနေ့ သဘောတူညီခဲ့ကြသည်ဟု Menendez ၏ ဝက်ဘ်ဆိုက် ဖော်ပြချက်အရ သိရသည်။ အဆိုပါသုံးနိုင်ငံသို့ လက်နက်ရောင်းချမှုနှင့်ပတ်သက်ပြီး လွှတ်တော်၏ပြန်လည်သုံးသပ်မှုကို ရှောင်လွှဲရန် ပြီးခဲ့သည့်မေလက ထရန့်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဥပဒေပြုအမတ်များက မကျေနပ်ဖြစ်ကာ ဆန္ဒပြခဲ့ကြသည်။

 


အီရန်နိုင်ငံ ခြိမ်းခြောက်မှုကို ဟန့်တားရန်အတွက် အာရပ်နိုင်ငံ သုံးနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံ တန်ဖိုးရှိ လက်နက်များ ပေးပို့ရန် ထရန့်အစိုးရက လက်နက်တင်ပို့မှုထိန်းချုပ်ရေး အက်ဥပဒေဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်ကို အသုံးချမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအို က ပြီးခဲ့သည့်မေလက ထုတ်ပြန်ကြေညာခဲ့သည်။

 


ကိုးကား - ဆင်ဟွာ        
ဘာသာပြန် - မြင့်မြင့်ချို