အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံအားကစားပြိုင်ပွဲကို ထပ်မံရွှေ့ဆိုင်းရန် စီစဉ်နေ

ရန်ကုန်   အောက်တိုဘာ   ၇

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားသည့် အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံ အားကစား ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်သို့ ထပ်မံရွှေ့ဆိုင်းရန် စီစဉ်လျက်ရှိသည်။

အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားသည့် ထိုင်းနိုင်ငံအနေဖြင့် ယင်းပြိုင်ပွဲကို ၂၀၂၂ ခုနှစ် မတ်လတွင် ပြန်လည်ကျင်းပရန် စီစဉ်ထားသော်လည်း လာမည့်နှစ်တွင် အာရှနှင့် အရှေ့တောင်အာရှအဆင့် အားကစားပြိုင်ပွဲများစွာ ကျင်းပရန်ရှိနေခြင်းနှင့် ရွှေ့ဆိုင်းထားသည့် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၂ ခုနှစ် မေလတွင်ကျင်းပရန် လျာထားခြင်းတို့ကြောင့် ၂၀၂၃ ခုနှစ်သို့ ထပ်မံရွှေ့ဆိုင်းရန် စီစဉ်နေခြင်း ဖြစ်သည်။

အာရှအိုလံပစ်ကောင်စီနှင့် အိမ်ရှင်ထိုင်းနိုင်ငံ အိုလံပစ်ကော်မတီတို့အနေဖြင့် အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံ အားကစားပြိုင်ပွဲထပ်မံရွှေ့ဆိုင်း ခြင်းရှိမရှိ ယခုလအတွင်း အတည်ပြု ကြေညာ ဖွယ်ရှိနေသည်။ အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံ အားကစားပြိုင်ပွဲကို ယခင်က အာရှရုံတွင်း အားကစား ပြိုင်ပွဲနှင့် အာရှကိုယ်ခံပညာပေါင်းစုံ အားကစားပြိုင်ပွဲဟူ၍ သီးခြားစီ ကျင်းပခဲ့သော်လည်း ၂၀၁၃ ခုနှစ်မှစတင်ကာ ပြိုင်ပွဲနှစ်ခု ကိုတစ်ပေါင်းတည်းကျင်းပခဲ့ခြင်းဖြစ်သည်။ အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံ အားကစားပြိုင်ပွဲအဖြစ် ၂၀၁၃၊ ၂၀၁၇ ခုနှစ်တို့တွင် ကျင်းပခဲ့ပြီး ၂၀၂၁ ပြိုင်ပွဲ ကို ကပ်ရောဂါကြောင့် မကျင်းပနိုင်သေးခြင်းဖြစ်သည်။ အာရှရုံတွင်း အားကစားပြိုင်ပွဲအဖြစ် ၂၀၀၅၊ ၂၀၀၇၊ ၂၀၀၉ ခုနှစ်တို့တွင် သုံးကြိမ်ကျင်းပခဲ့ပြီး အာရှကိုယ်ခံပညာပေါင်းစုံအားကစားပြိုင်ပွဲကိုမူ ၂၀၀၉ ခုနှစ်တွင် တစ်ကြိမ် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ပြိုင်ပွဲတစ်လျှောက် ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ်လေးခု ရရှိထားကြောင်း မှတ်တမ်းများအရ သိရသည်။

မြန်မာအားကစားအဖွဲ့အနေဖြင့် လာမည့် အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံ အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ယှဉ်ပြိုင်မည့် အားကစားနည်းများ ရွေးချယ်ရခြင်း မရှိသေးပေ။ အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံ အားကစားပြိုင်ပွဲကို ၂၀၁၃ ခုနှစ်မှစ၍ လေးနှစ်တစ်ကြိမ် ကျင်းပ လျက်ရှိပြီး ပုံမှန်အရ ယခုနှစ်တွင် ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ အခြေ အနေကြောင့် လာမည့်နှစ်သို့ ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။

ရဲရင့်လွင်