ရန်ကုန် ဧပြီ ၂၆

 

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၆) ကြိမ်မြောက် အာရှသဲသောင်ပြင် အားကစားပြိုင်ပွဲ တက်ဂ်ဘောပြိုင်ပွဲတွင် ဧပြီ ၂၆ ရက် ပွဲစဉ်များအပြီး၌ မြန်မာတက်ဂ်ဘောအသင်းက ကြေးတံဆိပ်သုံးခု ဆွတ်ခူးရရှိခဲ့သည်။

 

မြန်မာတက်ဂ်ဘောအသင်းသည် အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသားနှစ်ယောက်တွဲ ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုများ ဆွတ်ခူးရရှိထားခြင်းဖြစ်သည်။ အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲတွင် မြန်မာအသင်းသည် အဖွင့်ပွဲ၌ မြောက်ကိုရီးယားအသင်းကို နှစ်ပွဲပြတ်အရေးနိမ့်သော်လည်း ဖိလစ်ပိုင်အသင်းကို နှစ်ပွဲပြတ်၊ အိမ်ရှင်တရုတ်အသင်းကို နှစ်ပွဲပြတ်၊ အီရတ်အသင်းကို နှစ်ပွဲပြတ် အနိုင်ရရှိကာ အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းက မြန်မာအသင်းကို နှစ်ပွဲပြတ်၊ မြောက်ကိုရီးယားအသင်းက ကမ္ဘောဒီးယားအသင်းကို နှစ်ပွဲပြတ် အနိုင်ရရှိကာ ဗိုလ်လုပွဲတက်ရောက်ပြီး မြန်မာနှင့်ကမ္ဘောဒီးယားအသင်းက ပူးတွဲကြေးတံဆိပ် ရရှိသည်။ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ နိုင်နိုင်ဝင်းနှင့် ဆုမွန်အောင်တို့ ပါဝင်ယှဉ်ပြိုင်သည်။

 

အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ အုပ်စုပွဲများတွင် မြန်မာအသင်းသည် ထိုင်းအသင်းကို နှစ်ပွဲပြတ်အရေးနိမ့်သော်လည်း ကမ္ဘောဒီးယားအသင်းကို နှစ်ပွဲပြတ်အနိုင်ရကာ ကွာတားဖိုင်နယ် တက်ရောက်ခဲ့သည်။ ကွာတားဖိုင်နယ်တွင် အိမ်ရှင်တရုတ်အသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင်ရသော်လည်း ဆီမီးဖိုင်နယ်တွင် အီရတ်အသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့် အရေးနိမ့်ခဲ့သည်။ ထို့ကြောင့် မြန်မာအသင်းသည် လက်ဘနွန်အသင်းနှင့်အတူ ပူးတွဲကြေးတံဆိပ်ရခဲ့ပြီး စောဖရိုက်ဒေးနှင့် စည်သူထွန်းတို့ ပါဝင်ကစားခဲ့သည်။

 

အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ ကိုကိုလွင်နှင့် ခင်နှင်းဝေတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုပွဲများတွင် လက်ဘနွန်အသင်းကို နှစ်ပွဲပြတ်၊ မွန်ဂိုလီးယားအသင်းကို နှစ်ပွဲပြတ် အနိုင်ရရှိကာ အုပ်စုပထမရရှိသည်။ ကွာတားဖိုင်နယ်တွင် ကမ္ဘောဒီးယားကို နှစ်ပွဲပြတ်အနိုင်ရရှိကာ ဆီမီးဖိုင်နယ်တက်ရောက်နိုင်သော်လည်း ထိုင်းအသင်းကို နှစ်ပွဲပြတ်အရေးနိမ့်ခဲ့သဖြင့် ပူးတွဲကြေးတံဆိပ်ဆုဖြင့် ကျေနပ်ခဲ့ရသည်။

 

အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက Teqball အားကစားနည်းတစ်မျိုးသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာတက်ဂ်ဘောအသင်းက ကြေးတံဆိပ်သုံးခု ရယူနိုင်ခဲ့သည်။ မြန်မာတက်ဂ်ဘောအသင်းသည် ၂၀၂၅ ခုနှစ် (၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းပြိုင်ပွဲတွင် ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်နှစ်ခု၊ ယခု (၆) ကြိမ်မြောက် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်သုံးခု ဆွတ်ခူးရရှိခဲ့သည်။

 

သတင်း-ကိုညီလေး

ဓာတ်ပုံ-MTF