မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် အာရှတိုက်ဘာသာပေါင်းစုံ လူငယ်များကွန်ရက်၏ ပဉ္စမအကြိမ် မျက်နှာစုံညီ နှီးနှောဖလှယ်ပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် စိန်မေရီကာ သီဒြယ်ဘုရားကျောင်း၌ ကျင်းပသည်။
 
ရှေးဦးစွာ အာရှတိုက် ဘာသာပေါင်းစုံ လူငယ်များကွန်ရက်အဖွဲ့မှ ကိုယ်စားလှယ်များက ဘာသာပေါင်းစုံ တေးသီချင်းဖြင့် ဆုတောင်းမေတ္တာပို့ကြပြီး အာရှပစိဖိတ် ဘာသာပေါင်းစုံ လူငယ်များကွန်ရက်အဖွဲ့၏ စီစဉ်တင်ဆက်သူ Mr. Takashi Hashimoto က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ 
 
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမှာစကားပြောကြားရာတွင် ယခုဆွေးနွေးပွဲကို အာရှနှင့်ပစိဖိတ် ငြိမ်းချမ်းမေတ္တာ ဘာသာပေါင်းစုံ လူငယ်များကွန်ရက်အဖွဲ့များ၊ ACRP Seoul Peace Education Centre (SPEC)၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့အခြေစိုက်၊ ကမ္ဘာ့ကုလသမဂ္ဂ အသိအမှတ်ပြု ကမ္ဘာလုံးဆိုင်ရာ RFP အဖွဲ့ကြီးနှင့် မြန်မာနိုင်ငံ RFP အဖွဲ့တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း။
 
ကမ္ဘာလုံးဆိုင်ရာ RFP အဖွဲ့ကြီးအနေဖြင့် လူသားအားလုံးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ရည်မှန်းချက်ထားရှိကြောင်း၊ ကမ္ဘာ့နိုင်ငံများရှိ မတူညီသော ဘာသာဝင်များအကြား ပဋိပက္ခများကို အသွင်ပြောင်း ငြိမ်းသတ်ရန်၊ လူသားတို့၏ တိုးတက်မှုကိုမြှင့်တင်ရန်၊ ညီညွတ်၍ တရားမျှတသော လူမှုအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကမ္ဘာမြေကြီးကို အကာအကွယ်ပေးရန် ရည်မှန်းချက်များဖြင့် ဖွဲ့စည်းထားရှိကြောင်း သိရှိရသည့်အတွက် လွန်စွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း။
 
ယခုကျင်းပသည့် တွေ့ဆုံဆွေးနွေးပွဲကို ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များ၊ ငြိမ်းချမ်းမေတ္တာအဖွဲ့၏ စီမံကိန်းဒေသများနှင့် သြစတေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ နီပေါ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း အစရှိသည့် အာရှနိုင်ငံများမှ ဘာသာပေါင်းစုံ လူငယ်များနှင့်အတူ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း။
 
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ) သည် လွတ်လပ်သော NGO အဖွဲ့အစည်းဖြစ်သည်နှင့်အညီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပါအဝင် အခြားမည်သည့် ဌာနအဖွဲ့အစည်းကမှ ထိန်းချုပ်ကြပ်မတ်ထားခြင်း မရှိစေဘဲ နိုင်ငံတော်က ချမှတ်ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ ဘာသာရေး၊ သာသနာရေးနှင့် နိုင်ငံတော်အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွတ်လပ်စွာ ဆောင်ရွက်ရန်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အကူအညီပေးခြင်းမျှသာ ဖြစ်ပါကြောင်း။ 
 
(RFP) International အဖွဲ့ကြီးအနေဖြင့် ဘာသာပေါင်းစုံ လူငယ်များကွန်ရက် နှီးနှောဖလှယ်ပွဲများကို အခါအားလျော်စွာ စဉ်ဆက်မပြတ် ကျင်းပနိုင်ခြင်းကြောင့် မြန်မာနိုင်ငံအပါအဝင် အာရှတိုက်နိုင်ငံများ၊ ၎င်းမှတစ်ဆင့် ကမ္ဘာ့နိုင်ငံများမှ လူငယ်များအကြား ရင်းနှီးနွေးထွေးကျွမ်းဝင်မှု၊ အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်လိုမှု စည်းလုံးညီညွတ်မှု၊ တစ်ဦးနှင့်တစ်ဦး ဖေးမနားလည်မှုများ တိုးပွားလာစေပြီး ဘာသာတစ်ခုနှင့်တစ်ခုအကြား နားလည်မှုကြီးမားစွာ လက်တွဲပူးပေါင်း ဆောင်ရွက်မှုများ တိုးပွားအောင်မြင် ဖြစ်ထွန်းလာနိုင်ကာ ကမ္ဘာ့လူသားများ လိုလားတောင့်တနေသည့် ကမ္ဘာ့တစ်ဝှမ်းလုံး ဘာသာရေးနှင့်ယှဉ်သော ငြိမ်းချမ်းရေးကို အောင်မြင်စွာ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
 
ယင်းနောက် ငြိမ်းချမ်းမေတ္တာအဖွဲ့၏ ဥက္ကဋ္ဌ ဦးမြင့်ဆွေက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ (RFP) အာရှအထက်တန်း အကြံပေးပုဂ္ဂိုလ် Rev. မာဆာမိချီ ကားမိယနှင့် ဆိုးလ်ငြိမ်းချမ်းရေးပညာပေးဌာနမှ SPEC ဒါရိုက်တာ Rev. တေဆောင်းကင်တို့က ဂုဏ်ပြုအမှာစကား ပြောကြားခြင်း၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းမေတ္တာအဖွဲ့ ဒုတိယအထွေထွေ အတွင်းရေးမှူး Rev. Kyoichi Sugino နှင့်  ငြိမ်းချမ်းမေတ္တာအဖွဲ့ နာယကအဖွဲ့ဝင် အလ်ဟာဂျ်ခလီဖွှာဟ် ဦးအေးလွင်တို့က အမှာစကားပြောကြားခြင်းတို့ ဆောင်ရွက်ကြသည်။
ဆက်လက်၍ ဘာသာပေါင်းစုံ လူငယ်များကွန်ရက်အဖွဲ့ကိုယ်စား နန်းအေးအေးလုံက ဘာသာပေါင်းစုံ လူငယ်များအဖွဲ့၏  “ဘာသာပေါင်းစုံ အတူတကွ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ လှုပ်ရှားမှုတွင်ပါဝင် လုပ်ဆောင်ကြပါစို့”  ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ရေးကိုဆွေးနွေး ပြောကြားသည်။
 
ထို့နောက် မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ရာသီဥတု ပြောင်းလဲခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
 
ယင်းနောက် အာရှတိုက် ဘာသာပေါင်းစုံ လူငယ်များကွန်ရက်၏ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ “ကမ္ဘာတစ်ဝန်း ဘာသာပေါင်းစုံ လူငယ်များကွန်ရက်  မိတ်ဆက်ခြင်း၊ ကျွန်ုပ်တို့၏ကမ္ဘာ၊ ကျွန်ုပ်တို့၏ တာဝန်ရှိမှုနှင့် တာဝန်ယူမှု ဆွေးနွေးပွဲ”ကို လူငယ်များနှင့် ကွန်ရက်ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်သူ အပြည်ပြည်ဆိုင်ရာ ဘာသာပေါင်းစုံအဖွဲ့ စီမံချက်တာဝန်ခံ Mr. Christopher D.Zefting က ဆွေးနွေးတင်ပြရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြသည်။
 
အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို တစ်ဦး၏ဘာသာကို အခြားတစ်ဦးက နားလည်လေးစားရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများမှ ဘာသာပေါင်းစုံ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြကာ ဒီဇင်ဘာ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။  
 
(သတင်းစဉ်)