၂၀ မတ်
မြန်မာနိုင်ငံသည် နှစ်ပေါင်း(၇၀)အတွင်း အမြင့်ဆုံးစံချိန်အဖြစ် ဆန် တန်ချိန်သုံးသန်းကျော်ကို ပြည်ပသို့တင်ပို့ နိုင်ခဲ့ပါသည်။ နိုင်ငံတော်၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု အလားအလာအတွက် ရလဒ်ကောင်းတစ်ရပ် ဖြစ်ပါသည်။ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံက ပြည်ပသို့ ဆန်တန်ချိန် လေးသန်းအထိတင်ပို့ရန် ရည်မှန်းချက်ချမှတ်ထားပါသည်။ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်၌ ပြည်ပသို့ ဆန်တင်ပို့မှုမှ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ တစ်ဘီလီယံခွဲခန့်အထိ ဝင်ငွေရရှိရန်ကိုလည်း မျှော်မှန်းထားပါသည်။
ပြည်ပသို့ ဆန်တင်ပို့ရောင်းချမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံက လက်ရှိရရှိထားသော အောင်မြင်မှုနှင့် အနာဂတ် မျှော်မှန်းချက်တို့သည် အားရစရာကိန်းဂဏန်းတို့ဖြစ်သော်လည်း အောင်မြင်မှုရနေသည့် အခြားသော အာဆီယံနိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက ဆက်လက်ကြိုးပမ်း ဆောင်ရွက်နိုင်သည့် အနေအထားတို့ များစွာရှိနေသေးသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံသည် ပြည်ပသို့ ဆန်တန်ချိန် ၁၀ သန်းတင်ပို့နိုင်ပြီး ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၆ ဒသမ ၅ သန်း တင်ပို့နိုင်ပါသည်။ တင်ပြလိုသည်မှာ မြန်မာနိုင်ငံသည် လက်ရှိမျှော်မှန်းထားသော အောင်မြင်မှုတို့ထက် ပိုမိုကြီးမားသည့် အောင်မြင်မှုတို့ကို ဖန်တီးပုံဖော်နိုင်သည့် အနေအထားတို့ ရှိနေခြင်းဖြစ်ပါသည်။ တစ်ဖက်က ဆန်စပါးအထွက်နှုန်းတန်ချိန်ကို နှိုင်းယှဉ်ကြည့်ပါက မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံနှင့် နှိုင်းယှဉ်လျှင်ဖြစ်စေ၊ ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်လျှင်ဖြစ်စေ မတိမ်းမယိမ်းအနေအထားမျိုး ရှိနေသော်လည်း ဗီယက်နမ် နိုင်ငံသည် မြန်မာနိုင်ငံထက် နှစ်ဆနီးပါးပိုမိုသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသည် အာရှတိုက်၏ စပါးကျီဟူသော မူလအနေအထားကို ပြန်လည်ပိုင်ဆိုင်နိုင်ရန် မည်ကဲ့သို့သော လိုအပ်ချက်တို့အား ဖြည့်ဆည်း ပေးရမည်ကို သုံးသပ်ရမည်ဖြစ်ပါသည်။ ကောက်ပဲသီးနှံတို့ စိုက်ပျိုးသော မြေဧရိယာများအနက် ဆည်ရေရယူ စိုက်ပျိုးနိုင်သော မြေဧရိယာ ရာခိုင်နှုန်းကို စိစစ်လေ့လာကြည့်ပါက ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံထက် ခုနစ်ဆ ပိုများသကဲ့သို့ ထိုင်းနိုင်ငံကမူ မြန်မာနိုင်ငံထက် သုံးဆပိုများပါသည်။
ကွန်ပေါင်းဓာတ်မြေဩဇာတစ်တန်အတွက် တစ်နိုင်ငံချင်းအလိုက် စိုက်ထုတ်ရင်းနှီးရသော အမေရိကန်ဒေါ်လာတန်ဖိုးကို နှိုင်းယှဉ်ကြည့်ပါက မြန်မာနိုင်ငံသည် ဒေါ်လာ ၅၀၀ ကျော် အသုံးပြုရသော်လည်း ဗီယက်နမ် နိုင်ငံ၌မူ အမေရိကန်ဒေါ်လာ ၃၀၀ စွန်းစွန်းခန့်သာ အသုံးပြုရပါသည်။ ထိုင်းနိုင်ငံ၌မူ ဤနှုန်းထားသည် ဒေါ်လာ ၄၀၀ လောက်သာရှိပါသည်။ အသုံးပြုသော ယူရီးယားဓာတ်မြေဩဇာတစ်တန်အတွက် တစ်နိုင်ငံချင်းအလိုက် လယ်ကွင်းအရောက် ပျမ်းမျှဈေးနှုန်းတို့ကို နှိုင်းယှဉ်ကြည့်ပါကလည်း မြန်မာနိုင်ငံ၌ ဒေါ်လာ ၄၅၀ ခန့်ရှိ၍ ဗီယက်နမ်နိုင်ငံ၌ ဒေါ်လာ ၄၀၀ လောက်သာရှိပါသည်။ ထိုင်းနိုင်ငံ၌မူ ဒေါ်လာ ၄၀၀ ခန့်ရှိပါသည်။ ချုပ်၍ တင်ပြရပါက မြန်မာတောင်သူလယ်သမားတို့ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲတို့နှင့် ကုန်ကျစရိတ်တို့သည် ဗီယက်နမ်၊ ထိုင်း အစရှိသော နိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက ကျယ်ပြန့်ကြီးမားနေဆဲ ဖြစ်ပါသည်။
မျိုးကောင်းမျိုးသန့်ရရှိရေးမှအစပြု၍ မြေဩဇာအမျိုးမျိုး အသုံးပြုခြင်း အလယ်၊ ရိတ်သိမ်းချိန်မှသည် ပြည်ပတင်ပို့ခြင်း အဆုံး၊ စပါးစိုက်ပျိုးထုတ်လုပ်တင်ပို့သော လုပ်ငန်းစဉ်တစ်ခုလုံး၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ တောင်သူလယ်သမားတို့နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့သည် သက်ဆိုင်သူအားလုံး မျှမျှတတ အကျိုးခံစားခွင့်ရှိစေရမည်ဟူသော အခြေခံမူဖြင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း လေးစားစွာအကြံပြု တင်ပြအပ်ပါသည်။ ။
မြန်မာ့အလင်း (အယ်ဒီတာ့အာဘော်)