ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

လူငယ်တွေ၊ အထူးသဖြင့် ကျောင်းသားတွေ လေ့လာနိုင်စွမ်းပိုကောင်းဖို့၊ အလုပ်မှာ အာရုံစိုက်နိုင်ဖို့ အလွယ်တကူဝယ်သောက်နိုင်တဲ့ ဆေးဝါးတွေရှိပါတယ်။ ဒါပေမယ့် ဒီဆေးတွေက ခဏတာ အကျိုးကျေးဇူးကိုသာပေးနိုင်ပြီး ရေရှည်မှာ ဦးနှောက်စွမ်းဆောင်ရည်ကို ဆုတ်ယုတ်စေနိုင်တယ်လို့ သုတေသနအသစ်ကဖော်ပြလာပါတယ်။

Adderall ဟာ လှုပ်ရှားမှုလွန်ကဲပြီး အာရုံမစူးစိုက်နိုင်တဲ့ ADHD ရောဂါ ဒါမှမဟုတ် အချိန်မရွေးရုတ်တရက် အိပ်မောကျသွားတတ်တဲ့ narcolepsy ရောဂါရှိသူတွေအတွက် ဆရာဝန်တွေညွှန်းပေးလေ့ရှိတဲ့ amphetamine အခြေခံတဲ့ဆေးဝါးတစ်မျိုးပါ။

ဒီရောဂါရှိသူတွေကို အာရုံလန်းဆန်းပြီး အာရုံစူးစိုက်နိုင်အောင် ကူညီပေးဖို့ ထုတ်လုပ်သူတွေက ဒီဆေးကို ဖန်တီးခဲ့တာပါ။ ဒါပေမယ့် ရောဂါမရှိတဲ့လူငယ်တွေက အလုပ်ခွင်နဲ့ကျောင်းစာတွေမှာ စွမ်းဆောင်ရည်ကောင်းဖို့ ဒီဆေးနဲ့ အလားတူဆေးတွေကို သုံးလာကြပါတယ်။

အမေရိကန်နိုင်ငံ၊ ဘယ်လ်တီမိုးပြည်နယ်မှာရှိတဲ့ Johns Hopkins Bloomberg School of Public Health သုတေသီတွေရဲ့ ၂၀၁၆ ခုနှစ်သုတေသနအရ Adderall ဆေးကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ သောက်သုံးသူအရေအတွက်က ၆ နှစ်တာအတွင်း ၇၆ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ သိရပါတယ်။

University of California သုတေသီတွေရဲ့လေ့လာမှုအရတော့ Adderall လို စိတ်ပိုင်းဆိုင်ရာ နှိုးဆွပေးတဲ့ဆေးတွေကို ဆရာဝန်မညွှန်ဘဲသောက်တာက ရေတိုအကျိုးကျေးဇူးပဲရှိတယ်လို့ ဆိုပါတယ်။ ရေရှည်မှာဆိုရင်တော့ အာရုံစိုက်မရတာတွေ၊ အလုပ်မှာ မှတ်ဉာဏ်မကောင်းတော့တာ၊ ကောင်းကောင်းအိပ်မပျော်တော့တာတွေ ဖြစ်လာနိုင်တယ်လို့ သုတေသနက တွေ့ရှိခဲ့ပါတယ်။

သုတေသနမှာ ပါဝင်သူတွေကို အုပ်စုနှစ်ခုခွဲပြီး ပထမအစုကို အာရုံစိုက်နိုင်စွမ်း၊ ဦးနှောက်စွမ်းဆောင်ရည်တို့အပေါ် သက်ရောက်မှုနဲ့ ဒုတိယအစုကို အိပ်စက်မှုနဲ့ အလုပ်ခွင်မှတ်ဉာဏ်တို့အပေါ် သက်ရောက်မှုတို့ကို လေ့လာခဲ့ပါတယ်။

လေ့လာမှုစစချင်းမှာ ပါဝင်သူအားလုံးကို မှတ်ဉာဏ်နဲ့ အာရုံစိုက်နိုင်စွမ်း စစ်ဆေးမှုတွေပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ဒါမှ လေ့လာမှုပြီးဆုံးတဲ့အခါ ရလဒ်တွေပိုတိကျစေမှာဖြစ်ပါတယ်။ ပါဝင်သူတွေကို အာနိသင်မပါတဲ့ ဗလာဆေးနဲ့ Adderall ပါတဲ့ ဆေးကိုတိုက်ခဲ့ပါတယ်။ တစ်ပတ်ကြာတဲ့အခါ ကုသမှုကို ပြောင်းလဲလိုက်တာကြောင့် သူတို့ကို တစ်လှည့်စီသောက်စေခဲ့တာပါ။

ပါဝင်သူတွေကို နှိုင်းယှဉ်တဲ့အခါ ရက်တိုကာလအတွင်း Adderall သောက်ထားတဲ့သူတွေက ဗလာဆေးသောက်ထားတဲ့သူတွေထက် အာရုံစိုက်နိုင်စွမ်းပိုကောင်းပြီး ရေရှည်မှာတော့ Adderall သောက်ထားတဲ့သူတွေက အာရုံစိုက်နိုင်စွမ်းနဲ့ မှတ်ဉာဏ်တွေ ကျဆင်းသွားတာတွေ့ရပါတယ်။

ရောဂါမရှိတဲ့သူတွေမှာ ဒီလိုဆေးတွေနဲ့ လုပ်ဆောင်ချက်မြှင့်တင်တာဟာ အမှန်တော့ အကျိုးအာနိသင်ကို ချဲ့ကားထားတာဖြစ်ပြီး တိုးတက်မှုက အနည်းငယ်သာတွေ့ရတယ်လို့ တွဲဖက်သုတေသီ Sara Mednick ကပြောပါတယ်။

Adderall ပါဝင်တဲ့ dextroamphetamine ရဲ့အာနိသင်ကို ဆက်ပြီးလေ့လာတဲ့အခါ သောက်သုံးထားတဲ့ပါဝင်သူတွေဟာ အလုပ်ခွင်မှတ်ဉာဏ်မှာ ဗလာဆေးသမားတွေထက် လုပ်ဆောင်ချက်ပိုဆိုးတာကို တွေ့ရပါတယ်။

ဒါ့အပြင် ညဘက်ဦးနှောက်လုပ်ဆောင်ချက်စကင်န်နဲ့ အိပ်စက်မှုအရည်အသွေးစစ်ဆေးမှုတွေအရ ဆေးသောက်ထားတဲ့ပါဝင်သူတွေက သိပ်အိပ်မပျော်ကြသလို တခြားသူတွေနဲ့ယှဉ်ရင် ကောင်းကောင်းအိပ်မပျော်တာကို တွေ့ရပါတယ်။

“အာရုံလန်းဆန်းစေတဲ့၊ စိတ်ကိုနှိုးဆွစေတဲ့ဆေးတွေက အိပ်စက်မှုကိုမူတည်နေတဲ့ ဦးနှောက်စွမ်းဆောင်ရည်တွေကို မကောင်းတဲ့သက်ရောက်မှု ရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် ကျောင်းစာတွေပိုတော်အောင်၊ အလုပ်မှာ ပိုထက်မြက်အောင်လို့ ဒီဆေးတွေသောက်နေတဲ့သူတွေဟာ ကိုယ်ပိုပြီးတိုးတက်လာတယ်လို့ ခံစားရနိုင်ပေမယ့် လေ့လာမှုအချက်အလက်တွေအရ ရေရှည်မှာ ဒီလိုမတွေ့ရပါဘူး” လို့ Sara က သတိပေးပါတယ်။

ဒီရလဒ်တွေအရ ဦးနှောက်ဉာဏ်ရည်ထက်မြက်စေဖို့ မြှင့်တင်ပေးမယ့်ဆေးတွေကို သောက်ရတာဟာ မတန်ပါဘူးလို့ သုတေသီတွေက သတိပေးခဲ့ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”