ရာစုနှစ်ဝက်ကို တော်တော်လေးကျော်ပြီးမှ တစ်ကျော့ပြန် သက်ဝင်လှုပ်ရှားလာသော လပေါ်သို့ ခြေချရေးစီမံကိန်း၏ အဓိကအကျဆုံး အဆင့်တစ်ခုဖြစ်သည့် အာတီမစ္စ-၂ သည်  ဧပြီ ၁ ရက်တွင် ကမ္ဘာမြေမှ စတင်ထွက်ခွာခဲ့ပြီးနောက်  ဧပြီ ၄ ရက်တွင်  ခရီးတစ်ဝက်ကျော်ရောက်ရှိနေပြီဖြစ်ပြီး ကမ္ဘာထက် လနှင့်ပိုနီးနေပြီဟု   နာဆာက  လူမှုကွန်ရက်အိက်စ်တွင် ရေးသားထားသည်။

“လကို အခု ပြတင်းပေါက်ကနေ လှမ်းမြင်နေရတယ်။ တကယ်လှတဲ့မြင်ကွင်းပဲ”ဟု အာကာသယာဉ်မှူးတစ်ဦးက လှမ်းပြောကြောင်းလည်း နာဆာက  စနေနေ့   နံနက်ပိုင်းတွင် ရေးထားသည်။ မည်သူပြောသလဲဆိုသည်ကိုတော့ ဖော်ပြမထားပေ။

အာတီမစ္စ-၂ ခရီးစဉ်တွင်  နာဆာ၏ အိုရိုင်ယွန် အာကာသယာဉ်ပေါ်၌ အာကာသယာဉ်မှူးလေးဦး ပါသွားသည်။ သူတို့အဖွဲ့သည် လပေါ်ကိုခြေချမည့်သူများမဟုတ်သေးဘဲ လကို ၁၀ ရက်ကြာ ပတ်ပျံပြီးနောက် ကမ္ဘာသို့ ပြန်လာကြမည်ဖြစ်သည်။ လောလောဆယ်တွင် ဧပြီ ၂ ရက်က  နာဆာ၏ ဒေါ်လာ ၂၃ သန်းတန် တိုက်တေနီယံအိမ်သာထဲတွင် ညှော်နံ့ထွက်နေသည်ဆိုသည့် အစီရင်ခံမှုမှ လွဲ၍ မည်သည့်အန္တရာယ်မျိုးမှ  မတွေ့ရကြောင်းလည်း နာဆာက ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ လကိုပတ်ပျံပြီး ကမ္ဘာပေါ်သို့ အဆင်ပြေပြေပြန်ရောက်လာလျှင် လာမည့် အာတီမစ္စ-၃ ခရီးစဉ်မှ အာကာသယာဉ်မှူးများသည် လပေါ်သို့ ခြေချနိုင်မည်ဟု ခန့်မှန်းထားကြသည်။ လက်ရှိအချိန်အထိ  အာတီမစ္စ-၃ ကို   ၂၀၂၈ ခုနှစ်တွင် လွှတ်တင်ရန် စီစဉ်ထားသည်။

Ref: The Guardian