ဝါရှင်တန် ၁၈ သြဂုတ်
လေ့လာတွေ့ရှိမှု အသစ်အရ အာတိတ်ဒေသ ရေခဲပြင်သည် တဖြည်းဖြည်းချင်း အရည်ပျော်နေရာမှာ ရုတ်တရက် မြင့်တက်လာပြီး ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်နေကြောင်း သိရသည်။
သောကြာနေ့ထုတ် Nature Communications ဂျာနယ်၏ ရေးသားချက်တွင် အာတိတ်ဒေသ၏ သာမိုကတ်စ် အမည်ရှိ ရေခဲပြင်သည် ရုတ်တရက် အရည်ပျော်မှု မြင့်တက်လာကြောင်း သိရသည်။ လက်ရှိအချိန်တွင် ရာသီဥတုဆိုင်ရာ ခန့်မှန်းချက်များတွင် ထည့်သွင်း စာရင်းမှတ်ထားခြင်း မရှိသော်လည်း ၂၁ ရာစုအလယ်ပိုင်းက ဝင်ရိုးစွန်းရေခဲပြင်များ အရေပျော်ရာမှာ လေထုအတွင်းသို့ မီသိန်းဓာတ်ငွေ့များ အစုလိုက်အပြုံလိုက် ဝင်ရောက်လာမှုကြောင့် ရာသီဥတုအခြေအနေပေါ် သက်ရောက်မှု ရှိခဲ့သည်။
အာတိတ်ရေခဲပြင်သည် ကမ္ဘာ့မြေဆီလွှာထဲရှိ အော်ဂဲနစ်ကာဘွန်များကို သိမ်းဆည်းထားသည့် အကြီးဆုံးသဘာဝ လှောင်ကန်များဖြစ်ပြီး အဆိုပါရေခဲပြင် အရည်ပျော်ကျမှုကြောင့် ရေခဲချပ်အတွင်း အလွန်သေးငယ်သည့် ဘတ်တီးရီးယားများသည် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် မီသိန်းဓာတ်ငွေ့များအဖြစ် ပြောင်းလဲသွားပြီး ဖန်လုံအိမ်ဓာတ်ငွေ့ကို ဖြစ်ပေါ်စေသည်။
ယခု အရည်ပျော်ကျမှုကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ ဖြစ်ပေါ်မှုသည် ယခင်ဖြစ်ရပ်များထက် နှစ်ဆရှိကြောင်း အမေရိကန်နှင့် ဂျာမန် သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြသည်။ “ဒီလို ကာဗွန်ဓာတ်ငွေ့ အမြောက်အများ ထွက်လာအောင် နှစ်ပေါင်း ၂၀ဝ၊ ၃၀ဝ စောင့်စရာမလိုတော့ဘူး အခု ကျွန်တော်တို့လက်ထက် ကျွန်တော်တို့ရဲ့ နောင်လာနောင်သားများ လက်ထက်မှာကိုပဲ အမြင့်ဆုံးကို ခုန်တက်နေပြီ။ ဒါပေမဲ့ အခုချိန်က အမြင့်ဆုံး ပမာဏမဟုတ်သေးဘူး နောက်ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ ထိပ်ဆုံး ပမာဏကို ရောက်လာလိမ့်မယ်”ဟု အလက်စကာဖဲဘရစ်စ် တက္ကသိုလ်မှာ ကေတီ ဝေါ်လ်တာ အန်တိုနီ ကပြောပြသည်။
ပုံမှန် အရည်ပျော်ကျမှုကြောင့် လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ချိန်ညှိပေးသည့် အပင်များ၏ ကြီးထွားမှုကို အနည်းငယ်သာ အကျိုးသက်ရောက်မှု ဖြစ်စေသည်ဟု တွေးထင်ခဲ့ကြသော်လည်း ယခု သာမိုကတ်စ် ရေခဲပြင်၏ အရည်ပျော်ကျမှုသည် ပိုမိုနက်ရှိုင်းလာပြီး လျင်မြန်လာကြောင်း သိရသည်။ သုတေသီများက အလက်စကာနှင့် ဆိုက်ဘေးရီးယားရှိ သာမိုကတ်စ် ရေခဲပြင်၏ နေရာ ၇၂ ရာမှ မီသိန်းဓာတ်ငွေ့များ ထုတ်လွှတ်မှုကို ဖမ်းယူရရှိခဲ့ကြသည်။
SMZaw (MDN)
Source> Xinhua