၉ သြဂုတ်


နေမကောင်းဖြစ်တတ်တာကတော့ ဘယ်သူမဆိုဖြစ်တတ်ပါတယ်။ ဒါပေမယ့် သက်ကြီးပိုင်းတွေနဲ့ ကလေးတွေဆိုရင် ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ အအေးမိ၊ ချောင်းဆိုး အပျော့စား ဝေဒနာတွေဖြစ်ရင်တောင် အထူးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ဆရာဝန် ပြထားတယ်ဆိုဦးတော့ သူတို့ကို သက်တောင့်သက်သာဖြစ်အောင်လုပ်ပေးဖို့ကလည်း အရေးကြီးပါတယ်။ ဒါမှ ကုသမှုကို အထောက်အကူဖြစ်စေပြီး မြန်မြန်သက်သာစေမှာပါ။


အအေးမိဝေဒနာတွေလို အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ခြင်းကိုဖြစ်စေတဲ့ ရာနဲ့ချီတဲ့ဗိုင်းရပ်စ်ပိုးတွေကို ခုခံနိုင်လောက်အောင် ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ် အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့ ကလေးတွေအတွက်က အအေးမိဖျားနာခြင်း ပိုဖြစ်လွယ်ပါတယ်။ ကလေးမှာ ခံစားနေရတဲ့ဝေဒနာတွေကို ခံစားရသက်သာစေဖို့ ဘာတွေလုပ်ပေးဖို့လိုမလဲဆိုတာ မိဘတွေ သိထားသင့်ပါတယ်။


အအေးမိဝေဒနာခံစားနေရတဲ့ ကလေးတွေအတွက် ဘယ်လိုဂရုစိုက်ပေးမလဲ


လုံလုံလောက်လောက် အနားယူခိုင်းပါ


အိပ်စက်ခြင်းက ရောဂါသက်သာဖို့အတွက် မရှိမဖြစ်အရေးပါပါတယ်။ ကလေးရဲ့အိပ်ရာကို ပိတ်လှောင်မနေစေဖို့၊ သန့်ရှင်းနေဖို့၊ သက်တောင့်သက်သာရှိစေဖို့ ပြင်ဆင်ပေးထားပါ။ နေမကောင်းလို့နားနေချိန်မှာ တီဗီဖွင့်ပေးထားတာ၊ ဂိမ်းကစားခိုင်းတာ၊ စာဖတ်ခိုင်းတာတွေ မလုပ်စေပါနဲ့။


အရည်များများတိုက်ပါ


နေမကောင်းတဲ့ကလေးကို ရေဓာတ်ပြည့်ဝအောင် တိုက်ကျွေးမှ ရောဂါလက္ခဏာတွေသက်သာစေမှာဖြစ်ပါတယ်။ အဖျားရှိနေရင်ပဲ ရေဓာတ်ဆုံးရှုံးရတာကြောင့် ရေ သို့မဟုတ် ဓာတ်ဆားရည် သို့မဟုတ် ကြက်စွပ်ပြုတ်ရည် တိုက်ကျွေးပေးပါ။ ကလေးက နေကောင်းတုန်းကလောက် ရေဆာမှာမဟုတ်ဘဲ ရေသောက်တဲ့အခါနေရခက်နိုင်တာကြောင့် အရည်များများဝင်အောင် ချော့ပြီး သောက်ခိုင်းရပါမယ်။


ရေဝတ်ဖတ်တင်ပေးပါ/ ရေချိုးပေးပါ


အဖျားတက်နေတာကို သက်သာလျော့ပါးစေဖို့ နဖူးမှာ ရေဝတ်ဖတ်တင်ပေးဖို့ ဒါမှမဟုတ် ရေချိုးပေးဖို့လည်း လိုအပ်ပါတယ်။ ကိုယ်ပူနေလို့ဆိုပြီး ရေအေးတွေနဲ့မချိုးပေးပါနဲ့။ ရေနွေးနဲ့ချိုးတာရော၊ ရေအေးနဲ့ချိုးတာရော မကောင်းပါဘူး။ ကြက်သီးနွေးရေလေးနဲ့ပဲ ချိုးပေးပါ။ ရေဝတ်ဖတ်လေး လဲပြီး တင်တင်ပေးတာလည်း ကိုယ်ပူသက်သာစေပါတယ်။


နှာစေးနှာပိတ်ကို ဂရုစိုက်ပေးပါ


အအေးမိခြင်းရဲ့စစချင်းလက္ခဏာက နှာရည်ယိုတာပါပဲ။ နှာတရွှတ်ရွှတ် ဖြစ်နေတဲ့ကလေးတွေကို ဒီအတိုင်းမထားပါနဲ့။ အမြဲမပြတ်သန့်ရှင်းပေးပါ။ နှာခေါင်းကနေ ဖျန်းပေးရတဲ့ nasal spray တွေနဲ့လည်း သက်သာစေနိုင်ပါတယ်။ nasal spray တွေက ရောဂါပိုးကိုသေစေပြီး အအေးမိဝေဒနာကို မြန်မြန်သက်သာစေနိုင်ပါတယ်။


စွပ်ပြုတ်တိုက်ပါ


ကြက်စွပ်ပြုတ်ရည်ဟာ အအေးမိလက္ခဏာနဲ့ချောင်းဆိုးခြင်းအတွက် သက်သာစေတဲ့ဆေးတစ်ခွက်ဖြစ်ပါတယ်။ ကြက်စွပ်ပြုတ်မှာ ရောင်ရမ်းမှုကိုလျော့ကျစေပြီး အအေးမိလက္ခဏာတွေကို သက်သာစေနိုင်တဲ့ အစွမ်းသတ္တိတွေပါရှိတယ်လို့ သုတေသနတွေက ဖော်ပြဖူးပါတယ်။ ဒါ့အပြင် ချွဲသလိပ်ကိုကြေစေတယ်၊ ခွန်အားတိုးစေတယ်၊ ရင်ချောင်စေတယ်၊ ချောင်းဆိုးသက်သာစေတယ်လို့လည်း ဆိုကြပါတယ်။ အမှန်တကယ်လည်း ကြက်ပြုတ်ရည်နွေးနွေးလေးက လည်ချောင်းရှင်းစေပြီး အာဟာရဖြစ်လို့ နာလန်ထအစားအစာအဖြစ်လည်း အားထားကြပါတယ်။


လည်ချောင်းနာသက်သာအောင် ပြုစုပါ


ကလေးက အရမ်းငယ်တဲ့ အရွယ်မဟုတ်ရင် မျိုမချဖို့ ပြောပြပြီး ဆားရည်ငုံ၊ ပလုပ်ကျင်းခိုင်းလို့ရပါပြီ။ ရေနွေးနွေးလေးမှာဖျော်ထားတဲ့ဆားရည်ကို ပလုပ်ကျင်းပြီး ပြန်ထွေးခိုင်းပါ။ လည်ချောင်းယားတာ၊ လည်ချောင်းနာနဲ့ ချောင်းဆိုးခြင်းကိုပါ သက်သာစေနိုင်ပါတယ်။ လည်ချောင်းနာ သက်သာစေဖို့ ကလေးတွေအတွက် သီးသန့်ထုတ်တဲ့ ခံတွင်းသန့်ပိုးသတ်ဆေး(mouthwash) တွေသုံးနိုင်ပါတယ်။


ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ


ကလေးက သာမန်အအေးမိတာထက် ပိုနေပြီလို့ သံသယရှိလာတဲ့အခါ၊ ဆေးခန်းပြထားပေမယ့် မသက်သာဘဲ လက္ခဏာပိုဆိုးလာတဲ့အခါ၊ ဒါမှမဟုတ် အောက်ပါ လက္ခဏာတွေဖြစ်လာရင် ဆရာဝန်အမြန်ပြပါ။


အရင်ကထက် သလိပ်တွေ အများကြီးထွက်တာ

အသက်ရှူခက်နေတာ

အရမ်းနုံးနေတာ

အစာ သို့မဟုတ် အရည် မဝင်တာ

ခေါင်းပိုကိုက်လာတာ၊ အစာမျိုမရအောင် လည်ချောင်းအရမ်းနာလာတာ

အဖျား ၁၀၃ °F နဲ့အထက် ဆက်တိုက်အဖျားတက်နေတာ

ရင်ဘတ်အောင့်လာတာ

လည်ပင်းက ဂလင်းတွေရောင်ရမ်းလာတာ

နားကိုက္လာတာ


ကလေးက ရောဂါသက်သာသွားပြီဆိုရင်တော့ ကြိုတင်ကာကွယ်ရေးဘက်ကို ဂရုစိုက်ရမယ့်အချိန်ပါ။ သူတို့နေမကောင်းစဉ်က အသုံးပြုခဲ့သမျှပစ္စည်းတွေကို ရှင်းလင်းသန့်ရှင်းပစ်ပါ။ ရောဂါပိုးတွေကင်းစေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးကို တစ်မိသားစုလုံးဂရုစိုက်ပေးသင့်ပါတယ်။ ကျောင်းမှာ နေမကောင်းတဲ့သူငယ်ချင်းတွေရှိရင် အရမ်းနီးကပ်ထိတွေ့မနေဖို့၊ လက်သေချာဆေးဖို့၊ သူတို့နဲ့အစားအသောက်၊ ဇွန်းခွက်အတူမစားဖို့ ကလေးကို အသိပညာပေးထားပါ။


ရေးသားသူ -Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”