၃ ဖေဖော်ဝါရီ
အအေးမိတုပ်ကွေးဖြစ်နေချိန်တော့ တကယ်ကိုခံရခက်တဲ့ လက္ခဏာတွေပါပဲ။ ကိုယ်ပူတာ၊ လည်ချောင်း နာတာ၊ နှာစေးနှာပိတ်၊ ကိုယ်လက်ကိုက်ခဲမှုနဲ့ ချမ်းတုန်တာတွေ စုံလို့ပါပဲ။ ဆရာဝန်ပြပြီး ဆေးကုသ မှုခံယူထားတယ်ဆိုပေမယ့်လည်း အအေးမိခြင်းရဲ့သဘာဝအရ သူ့ကာလအတွင်းမှာတော့ နှာစေး၊ ချောင်းဆိုး စတဲ့လက္ခဏာတွေ ခံစားရဦးမှာဖြစ်ပါတယ်။ ဒါတွေသက်သာဖို့၊ ကုသမှုကို ထိရောက်အောင်ပံ့ပိုးနိုင်ဖို့ ကူညီပေးမယ့်နည်းလမ်းတွေ ရှိပါတယ်။
အအေးမိဝေဒနာ သက်သာစေမယ့်နည်းလမ်းတွေက ဘာတွေများလဲ။
(၁) ရေ သို့မဟုတ် အရည်သောက်ပါ
ဖျားပြီဆိုတာနဲ့ ခန္ဓာကိုယ်ရေဓါတ် လျော့ကျလာနိုင်ပါတယ်။ အထူးသဖြင့် ပျို့အန်တာ၊ ဝမ်းလျှောတာ ပါဖြစ်ရင်ပေါ့။ ဒါ့ကြောင့် ရေဓါတ်လုံလောက်အောင် ဂရုစိုက်ပါ။ ရေ၊ အသီးဖျော်ရည်၊ ဓါတ်ဆားရည်၊ ဒါမှမဟုတ် စွပ်ပြုတ် သောက်လို့ရပါတယ်။ ရေဓါတ်ပြည့်လား၊ လျှော့နည်းနေလား သိချင်ရင် ဆီးအရောင်ကိုကြည့်ပါ။ ဖျော့လွန်းတဲ့ အဝါရောင်ဖြစ်နေရင် ရေဓါတ်လုံလောက်လို့၊ ဆီးအရောင်ရင့်နေရင် ရေဓါတ်နည်းနေလို့ ဖြစ်ပါတယ်။
(၂) ကြက်စွပ်ပြုတ်သောက်ပါ
နေမကောင်းဖြစ်ပြီဆိုတာနဲ့ ကြက်စွပ်ပြုတ်တိုက်တာ အိမ်မှာအမေပြုစုပေးတဲ့ မိရိုးဖလာနည်းတစ်ခုပါ။ နေမကောင်းဖြစ်လာရင် စွပ်ပြုတ်ပူပူလေးသောက်ခိုင်းတာပဲ။ ဒီနည်းက တကယ်မှန်ပါတယ်။ ကြက်စွပ်ပြုတ်က အအေးမိဝေဒနာနဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းကို ဝေဒနာသက်သာလျော့ပါးစေနိုင်ပါတယ်။
(၃) ငြိမ်ငြိမ်သာနေပါ
ခန္ဓါကိုယ်က အချက်ပြတဲ့အတိုင်းသာ နေလိုက်ပါ။ ခြေလက်မသယ်ချင်၊ မလှုပ်ချင်ဖြစ်နေရင် နားနေလိုက်ပါ။ တစ်နေကုန်အိပ်ရာထဲ လှဲနေချင်တယ်ဆိုရင် လှဲပြီးအနားယူပါ။ အတင်းထပြီးမလှုပ်ရှားပါနဲ့။ အအေးမိတုပ်ကွေးဖြစ်နေချိန်မှာ အလုပ်တွေအတင်းတွန်းလုပ်နေတာမျိုးက ကိုယ်ခံအားကျစေလို့ ဝေဒနာပိုဆိုး၊ ပိုတာရှည်စေနိုင်ပါတယ်။ ပြီးတော့ အိပ်ရေးပျက်မခံပါနဲ့။ အိပ်ရေးဝမှ ကိုယ်ခံအားစနစ်က ကောင်းကောင်းအလုပ်လုပ်နိင်မှာမို့ တစ်နေ့ကို ၈ နာရီအိပ်ဖို့ အရေးကြီးပါတယ်။
(၄) အနွေးဝတ်လေးကပ်ပေးပါ
အဖျားတက်နေရင် နဖူးမှာ ရေအေးဝတ်တင်ပေးရတယ်ဆိုပေမယ့် ခေါင်းကိုက်တာ၊ ထိပ်ကပ်နာကြာင့် တစစ်စစ်ကိုက်တာဖြစ်လာရင် နဖူးနဲ့နှာခေါင်းကြားကို ရေနွေးဝတ်လေးကပ်ပေးပါ။
(၅) နွေးနွေးထွေးထွေးနေပါ
နေမကောင်းဖြစ်နေတဲ့အချိန်မှာ နွေးနွေးထွေးထွေးနေဖို့၊ အနားယူဖို့အရေးကြီးပါတယ်။ ဒါမှ ရောဂါပိုးကို တိုက်ထုတ်နိုင်ဖို့ ခန္ဓါကိုယ်ကို အားဖြည့်ပေးနိုင်မှာပါ။ စောင်လေးခြုံပြီးကွေးနေတာလည်း နေပြန်ကောင်းဖို့ တစ်နည်းအားဖြင ့်အထောက်အကူပေးနိုင်ပါတယ်။
(၆) Nasal Spray သို့မဟုတ် Gargle ခံတွင်းသန့်ဆေးရည်သုံးပါ
ဆေးဝါးအထောက်အကူတွေ ခေတ်မီနေတဲ့ခုချိန်မှာ နှာစေး၊ နှာပိတ်နဲ့ လည်ချောင်းယား၊ လည်ချောင်းနာတို့လို အအေးမိဝေဒနာတွေကို အမြန်သက်သာစေမယ့် နှာဖျန်းဆေး (nasal spray)တွေနဲ့ ခံတွင်းသန့်ဆေးရည်တွေရှိနေပါပြီ။ ဆေးတစ်ချက်ဖျန်း၊ ပလုပ်တစ်ချက်ကျင်းလိုက်ရုံနဲ့ နေရခက်နေတဲ့ရောဂါလက္ခဏာတွေကို သက်သာလျော့ပါးစေပြီး အသက်ရှူရပိုကောင်းစေပါတယ်။ Gargle ကခံတွင်းနဲ့ လည်ချောင်းတွင်းက ရောဂါပိုးမွှားတွေကို ရှင်းလင်းဖယ်ရှားပေးနိုင်ပြီး nasal spray က နှာခေါင်းလမ်းကြောင်းမှာ ရှင်းလင်းပေးတာဖြစ်ပါတယ်။
(၇) ခေါင်းအုံးမြှင့်ပါ
နှာခေါင်းပိတ်နေတယ်၊ ချောင်းဆိုးရင်ကျပ်ဖြစ်နေတယ်ဆိုရင် ညဘက်အိပ်တဲ့အခါ ခေါင်းအုံးကို နှစ်လုံးဆင့်တာ ဒါမှမဟုတ် ခေါင်းအုံးကိုခေါက်ပြီးမြှင့်တာက အသက်ရှူရအဆင်ပြေပြီး ခံစားရသက်သာစေနိုင်ပါလိမ့်မယ်။ ခေါင်းအုံးသိပ်မြင့်လွန်းပြီး အိပ်ရတာနေရာမကျရင်တော့ စောင်ပါးလေးဖြစ်ဖြစ် တစ်ခုခုကို ခေါင်းအုံးအောက်မှာခုပြီးမြှင့်ပါ။
အသေးအဖွဲလေးတွေလို့ အမှုမဲ့အမှတ်မဲ့ ထားလိုက်ပေမယ့်လည်း တကယ်ကိုအဆင်ပြေစေမယ့် နည်းလမ်းလွယ်လွယ်လေးတွေမို့ အပန်းမကြီးလောက်ပါဘူး။ ဒီအချက်လေးတွေကို သတိထားပြီးလုပ်ကြည့်မယ်ဆိုရင် ဝေဒနာခံစားရသက်သာပြီး မြန်မြန်နေပြန်ကောင်းဖို့သေချာပါတယ်။
ရေးသားသူ Yun Sandi Nan Monဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”