လီဗာပူးအသင်းဟာ ဧပြီ ၂၄ ရက် ညပိုင်းက အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ် ပွဲစဉ်မှာ အဲဗာတန်အသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်အမှတ်ပေးဇယား ထိပ်ဆုံး မှာ ရပ်တည်နေတဲ့ မန်စီးတီးအသင်းကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။
လီဗာပူးအသင်းနဲ့ အဲဗာတန်အသင်းတို့ပွဲစဉ် အကြိတ်အနယ်ရှိခဲ့သလို ပထမပိုင်းပွဲကစားချိန်အတွင်း ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့ ပေမယ့် ဒုတိယပိုင်းပွဲကစားချိန် ၆၂ မိနစ်မှာ သွင်းယူခဲ့တဲ့ ရောဘတ်ဆန်ရဲ့ သွင်းဂိုးနဲ့ ၈၅ မိနစ်မှာ သွင်းယူခဲ့တဲ့အိုရီဂီရဲ့ သွင်းဂိုးတွေရရှိခဲ့တာကြောင့် လီဗာပူး အသင်းက အဲဗာတန်အသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုအနိုင်ရရှိခဲ့တာကြောင့် လီဗာပူးအသင်းဟာ ပရီမီယာလိဂ်ပွဲစဉ်(၃၃)ပွဲ ကစားပြီးချိန်မှာ ရမှတ် စုစုပေါင်း ၇၉ မှတ်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်က မန်စီးတီးအသင်းက ပွဲစဉ်(၃၃)ပွဲ ကစားပြီးချိန်မှာ ရမှတ်စုစုပေါင်း ၈၀ ရရှိထားတာကြောင့် ရမှတ်တစ်မှတ်အကွာ အနေအထားကနေ မန်စီးတီးအသင်းကို ဆက်လက်ဖိအားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
နည်းပြ ဖရန့်လမ်းပတ်ရဲ့ အဲဗာတန် အသင်းကတော့ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့ရတာကြောင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်ပရီမီယာ လိဂ်အမှတ်ပေးဇယားရဲ့ တန်းဆင်းဇုန်အတွင်း ရောက်ရှိသွားခဲ့ပြီး ၁၉၉၈-၁၉၉၉ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံရှစ်ကို တန်းဆင်းရမယ့်အန္တရာယ်နဲ့ နီးကပ်နေတာလည်း ဖြစ်ပါတယ်။
နည်းပြကလော့အတွက်တော့ အခုနှစ် ဘောလုံးရာသီမှာ ပရီမီယာလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ ကာရာဘောင်ဖလား စတဲ့ဖလားတွေကို ရယူသိမ်းပိုက်နိုင်မယ့်အခွင့်အရေး တစ်ရပ်နဲ့ နီးစပ်လာခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဗီလာရီးယဲလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေကာ အဲဒီပွဲစဉ်ကို ဧပြီ ၂၇ ရက်မှာ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။
ငွေကြယ်