လန်ဒန်   ဖေဖော်ဝါရီ  ၇

ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘတ် သည် ဖေဖော်ဝါရီ ၆ ရက်က ထီးနန်း နန်းစံခြင်း နှစ် (၇၀) ပြည့်ပြီ ဖြစ်သည်။ ဘုရင်မကြီးသည် ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် သူမ၏အသက် ၂၅ နှစ်တွင် ထီးနန်း ဆက်ခံခဲ့သည်။ ဘုရင်မကြီးသည် နိုင်ငံ၏ နန်းသက်အကြာဆုံး ဘုရင်မကြီးလည်း ဖြစ်သည်။

သူမမှာ ယူကေနိုင်ငံ၏ စည်းလုံးခြင်းသင်္ကေတဖြစ်ပြီး ဗြိတိသျှ ဓနသဟာယနိုင်ငံများနှင့် အခြားသော နိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ၎င်းသည် ဂျပန်နိုင်ငံသို့ သွားရောက် ခဲ့သည်။ ဂျပန်တော်ဝင် မိသားစုနှင့်လည်း ဆက်ဆံရေးခိုင်မာစေခဲ့သည်။ မကြာသေးမီနှစ်များအတွင်း တော်ဝင်မိသားစုပုံရိပ်ကို မြှင့်တင်ရန်အတွက် လူမှုကွန်ရက်မီဒီယာကိုအသုံးပြုသည်။

ကိုဗစ်-၁၉ ကာလ ကျန်းမာရေးအတွက် ပြည်သူများကြားတွင် စိုးရိမ်မှုများမြင့်မားနေစဉ်အတွင်း ဘုရင်မကြီးသည် ကျန်းမာရေးလုပ်သားများနှင့် စေတနာ့ဝန်ထမ်းများကို အွန်လိုင်းပေါ်မှတစ်ဆင့်  စကားပြောကြားခဲ့သည်။ ရုပ်မြင်သံကြားမိန့်ခွန်းမှတစ်ဆင့်လည်း ပြည်သူများ စည်းလုံးညီညွတ်ကြရန် တောင်းဆိုခဲ့သည်။ ပြီးခဲ့သည့်နှစ်အတွင်း ပြည်သူများထံမှ သဘောထားကို ကောက်ယူခဲ့ရာ ဘုရင် စနစ်ကို ထိန်းသိမ်းထားသင့်သည်ဟု ဖြေကြားသူ အသက် ၆၅ နှစ်အထက်မှာ ၈၁ ရာခိုင်နှုန်း ရှိသည်။ အသက် ၁၈ နှစ်နှင့် ၂၄ နှစ်ကြား ၃၁ ရာခိုင်နှုန်းမှာလည်း အလားတူ ဖြေကြားခဲ့ကြသည်။

ဘာကင်ဟမ်တက္ကသိုလ်မှ သမိုင်းပါမောက္ခ ဂျိန်းရိုင်ဒလေက အဲလစ်ဇဘတ်ဘုရင်မကြီးမှာ ဗြိတိန်နိုင်ငံ သားများအတွက် အရေးကြီးသည့် ပြယုဂ်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

အင်န်အိတ်ကေ