အဲရစ်ဆင်ရဲ့ နောက်ကျဂိုးနဲ့ စပါးအသင်း နိုင်ပွဲရရှိခဲ့ပြီး အမှတ်ပေးဇယားအဆင့်(၃)ကို ဆက်လက်ထိန်းထားနိုင်ခဲ့

စနေနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြသည့် ပရီမီယားလိဂ် ပွဲစဉ်(၁၇)တွင် စပါးအသင်းဟာ အိမ်ကွင်း၌ ဘန်လေအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသွားခဲ့သည်။ ယခုပွဲအနိုင်ရရှိခဲ့တာကြောင့် စပါးအသင်းဟာ ရမှတ် ၃၉ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၃)နေရာကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်။

စပါးအသင်းဟာ ပြိုင်ပွဲစတင်သည်နှင့်တပြိုင်နက် ဘန်ဘေအသင်းကို အကောင်းဆုံး ဖိအားပေးကစားထားခဲ့ပြီး အနိုင်ရရှိရေးအတွက် ကြိုးစားလာခဲ့သည်။ သို့သော် ဘန်လေအသင်းဟာ စပါးအသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ပိတ်ဆို့တားဆီးနိုင်ခဲ့သလို စပါးကစားသမားတွေဟာလည်း ဦးဆောင်ဂိုးရရှိနိုင်သည့် အခွင့်အရေးတွေကို အကောင်းဆုံး အသုံးမချနိုင်ခဲ့တာကြောင့် ဦးဆောင်ဂိုးရရှိရေးဟာ ခက်ခဲနေခဲ့သည်။

ဒုတိယပိုင်းတွင် စပါးအသင်းဟာ အဲရစ်ဆင်၊ ဆွန်ဟောင်မင်းတို့ကို လူစားလဲထည့်သွင်း ကစားစေခဲ့သော်လည်း ဘန်လေအသင်းကတော့ စပါးတိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ်ကစားထားနိုင်သည့် ကစားသမားများကို လူးစားလဲပြောင်းလဲ မကစားခဲ့ပါဘူး။ ပွဲချိန် မိနစ် ၈၀ ရောက်မှသာ ဘန်လေအသင်းသာ တိုက်စစ်မှူး ဘားနက်ကို ခရစ်ဝုဒ်နှင့် လူစားလဲ ပြောင်းလဲကစားထားတာကို တွေ့ရသည်။ ဆက်တိုက်ဆိုသလိုပဲ စပါးအသင်း ထိုးဖောက်တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပေမယ့် အသင်းရဲ့ကစားပုံဟာ အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့ပေ။ 

စပါးကစားသမားတွေဖြစ်တဲ့ အလီ၊ ဆွန်ဟောင်မင်းတို့ဟာ ဂိုးရရှိနိုင်သည့် အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် စပါးအသင်း ဦးဆောင်ဂိုးနှင့် ဝေးကွာနေခဲ့ရခြင်း ဖြစ်သည်။ ပွဲပြီးလို့ နာကျင်အချိန်ပိုတွင် လူစားလဲ ဝင်ရောက်လာခဲ့သည့် အဲရစ်ဆင်က ဟယ်ရီကိန်းပေးပို့လိုက်သည့် ဘောလုံးကို အမှားအယွင်းမရှိ အနီးကပ် ပိတ်သွင်းခဲ့တာကြောင့် စပါးအသင်း ပွဲပြီးဆုံးကာနီးတွင် ဘန်လေအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

စပါးအသင်းဟာ ယခုနှစ် ပရီမီယားလိဂ် (၁၇) ပွဲထိကစားထားခဲ့ပြီး သရေပွဲတစ်ပွဲမှ မရှိဘဲ (၁၃) ပွဲနိုင်၊ (၄)ပွဲ ရှုံးနိမ့်ထားတာကို တွေ့ရသည်။ ယခုနိုင်ပွဲကြောင့် စပါးအသင်းနည်းပြ ပိုချက်တီနိုအနေဖြင့် စပါးအသင်းရဲ့ သမိုင်းတစ်လျှောက် ပရီမီယားလိဂ်နိုင်ပွဲ ၁၀၀ ပြည့်မြောက် နိုင်ပွဲရရှိလာခဲ့သည့် ပထမဦးဆုံး နည်းပြတစ်ဦးအဖြစ် မှတ်တမ်းဝင်သွားခဲ့သလို အဲရစ်ဆင်ဟာလည်း စပါးအသင်းနှင့် သွင်းဂိုး ၄၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဂါရက်ဘေးလ်ရဲ့ သွင်းဂိုးအရေအတွက်နဲ့ တူညီသွားခဲ့သည်။

 

MDN