နေပြည်တော် ဒီဇင်ဘာ ၁၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ၁၃၈၃ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆၊ ၇၊ ၈ ရက် (၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄၊ ၂၅၊ ၂၆) ရက်တို့တွင် ခွင့်ပြုထားသော စာဖြေဌာနတို့၌ တစ်ပြိုင်နက်တည်း ကျင်းပမည် ဖြစ်သည်။
အဘိဓမ္မာ(ရိုးရိုး)နှင့် အဘိဓမ္မာ(ဂုဏ်ထူးဆောင်)စာမေးပွဲများကို အစိုးရပထမငယ်တန်း (သို့မဟုတ်) ၎င်းနှင့် အလားတူ စာမေးပွဲအောင်မြင်ခြင်းမရှိသေးသော သီလရှင်များနှင့် လူပုဂ္ဂိုလ်များသာ ဖြေဆိုခွင့်ရှိသည်။ အဘိဓမ္မာ (ရိုးရိုး) အောင်မြင်ပြီးသူများသည် အဘိဓမ္မာ(ဂုဏ်ထူးဆောင်) စာမေးပွဲကိုဖြစ်စေ၊ ဝိသုဒ္ဓိမဂ်စာမေးပွဲကိုဖြစ်စေ ဖြေဆိုနိုင်သည်။
ဝိသုဒ္ဓိမဂ်စာမေးပွဲကို အစိုးရပထမကြီးတန်း၊ ဓမ္မာစရိယတန်း(သို့မဟုတ်) ၎င်းနှင့် အလားတူစာမေးပွဲများ အောင်မြင်ခြင်းမရှိသေးသော သီလရှင်များနှင့် လူပုဂ္ဂိုလ်များသာ ဖြေဆိုခွင့်ရှိသည်။
အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများတွင် တစ်ဆင့်ဖြစ်စေ၊ နှစ်ဆင့် ဖြစ်စေ၊ သုံးဆင့်ဖြစ်စေ နှစ်ချင်းပေါက် ဖြေဆိုခွင့်ရှိသည်။ ယခင်က သုံးဆင့်လုံး အပြည့်အစုံမအောင်မြင်သေးသူများအနေဖြင့် သုံးဆင့်လုံးကို နှစ်ချင်းပေါက် ထပ်မံဖြေဆိုခွင့်ရှိသည်။
စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာ စာဖြေဌာနတည်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်ရှိ မြို့နယ် သံဃနာယကအဖွဲ့ရုံးများသို့ အချိန်မီ ပေးပို့ထားမည်ဖြစ်၍ အဆိုပါရုံးများတွင် စာမေးပွဲဖြေဆိုရက်မတိုင်မီ ထုတ်ယူနိုင်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)


