ရန်ကုန် ၁၂ အောက်တိုဘာ

 

သာသနာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော အဘိဓမ္မာ၊ အဘိဓမ္မာဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စားမေးပွဲကို မြန်မာတစ်နိုင်ငံလုံး၌ စာစစ်ဌာနပေါင်း(၄၀ဝ)ကျော်ဖြင့် ၂၀၁၈-ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှ အဘိဓမ္မာသုံးဆင့်တွင် တစ်နိုင်ငံလုံး၌ ပထမဆုရရှိသောကြောင့် ယနေ့ နံနက်ပိုင်းတွင် အမှတ်(၂၀)ရပ်ကွက်၊ ဗိုလ်တေဇလမ်းရှိ ဓမ္မပါလဗုဒ္ဓစာပေကျောင်းတွင် ရွှေပြားဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာ‌တော် အရှင်ဓမ္မဓဇထံမှ ငါးပါးသီလဆောက်တည်၍ သြဝါဒခံယူကြသည်။ ထို့နောက် အဘိဓမ္မာသင်တန်းမှူး ဦးကိုကိုလေးက အဖွင့်အမှာစကားအဖြစ် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် အဘိဓမ္မာတရားကို သိရှိနားလည်ခြင်းဖြင့် ဘာသာ၊ သာသနာ တည်တံ့ခိုင်မြဲမှုကို ရှင်းလင်းပြောကြားသည်။

 

“အခုလိုဆုရရှိတဲ့အပေါ် သင်တန်းဆရာတစ်ဦးအနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်။ အထူးသဖြင့် ဘာသာ၊ သာသနာအတွက် မွေးထုတ်ပေးနိုင်မှုအပေါ်ပီတိဖြစ်ရတာပါ။ ဘာသာ၊ သာသနာ တည်တံ့ခိုင်မြဲဖို့ ရည်ရွယ်ပြီးလူငယ်တွေ အဘိဓမ္မာတရားကို တန်ဖိုးထားနည်းလည်စေဖို့အတွက် သင်ကြားပေးနေပါတယ်” ဟု အဘိဓမ္မာသင်တန်းနည်းပြ ဦးကိုကိုလေးက ပြောသည်။

 

အဘိဓမ္မာအခါတော်နေ့အကြိုအဖြစ် အဘိဓမ္မာသုံးဆင့်စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ ပထမဆုရရှိသော လှိုင်သာယာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်မှ မမွန်မွန်ကျော်အား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ကျပ်(၇)သိန်းခန့်တန်ဘိုးရှိသော ရွှေပြားတစ်ပြားကို ချီးမြှင့်ခဲ့သည်။ အမှတ်(၂)ရပ်ကွက်ရှိ ဓမ္မပါလဗုဒ္ဓစာပေသင်တန်းကျောင်းမှ (၁၅)နှစ်အတွင်း သင်တန်းသား၊ သင်တန်းသူ(၂၆၀ဝ)ကျော်မွေးထုတ်ခဲ့ပြီး နိုင်ငံတော်အဆင့်တွင် ပထမဆုံးအကြိမ် အဖြစ်ပထမဆုရရှိခြင်းဖြစ်ရာ  မြို့နယ်အဆင့်၌ အဘိဓမ္မာ(၂)ဦးနှင့် ဋီကာကျော် (၄)ဦးတို့ ဆုများရရှိခဲ့ကြောင်း သိရသည်။

 

ယနေ့ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဓမ္မပါလဗုဒ္ဓစာပေသင်တန်းကျောင်းတွင် ဖြေဆိုသော အဘိဓမ္မာ၊ ဝိသုဒ္ဒိမဂ်နှင့်ဋီကာစာပေးပွဲတွင် ဆုရရှိသူတို့ကိုလည်း ဆုများချီးမြှင့်ခဲ့ပြီး နိုင်ငံတော်အဆင့်အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ၌ မြန်မာတစ်နိုင်ငံလုံးတွင် လှိုင်သာယာမြို့နယ်မှ ပထမဆုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်

ဓာတ်ပုံ- သန်းစိုး