ညောင်ဦး ၂၁ ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ ရွှေစေတီကျောင်းဆရာတော် ဦးတေဇဝံသ အမှူးပြုသော ပရဟိတအသင်းအဖွဲ့မှ ညောင်ဦးမြို့ပေါ်ရှိ အဘိုးအဘွားများ၊ လက်လုပ်လက်စားသမားများနှင့် ချို့တဲ့အိမ်ထောင်စုများအတွက် ယမန်နေ့က ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီနှင့် ကြက်ဥများ ဒါနပြု လိုက်လံပေးဝေ လှူဒါန်းခဲ့ကြောင်း ပရဟိတအသင်းဝင် ဦးဇော်ဇော်ထံမှ သိရသည်။

 

အဆိုပါ ပရဟိတအသင်းအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကာလအတွင်း လက်လုပ်လက်စားသမားများ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ညောင်ဦးမြို့ပေါ်ရှိ မင်္ဂလာသာစည်ရပ်မှ (၁၅) ဦး၊ သကြားရပ်မှ (၁၁) ဦး၊ သီလှရင်စုရပ်မှ (၆) ဦး၊ ဈေးတန်းရပ်မှ (၄)ဦး၊ မန်ကျည်းတောရပ်မှ (၁) ဦး၊ သာယာဝတီရပ်မှ (၃) ဦးတို့အတွက် တစ်ဦးလျှင် ဆန်သုံးပြည်၊ ဆီငါးဆယ်ကျပ်သား၊ ဆားတစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာနှင့် ကြက်ဉဆယ်လုံးစီ ထောက်ပံ့လှူဒါန်းပေးခဲ့သည်။

 

ထို့ပြင် ချောက်ဘုရားလှ(ဇီးကျွန်း)ရပ်ရှိ ချို့တဲ့အိမ်ထောင်စု (၇၄) စုတို့အား တစ်အိမ်ထောင်လျှင် ဆန်နှစ်ပြည်၊ ကြက်ဉငါးလုံးစီ ထောက်ပံ့ခဲ့ပြီး လက်ဝဲရွာရှိ ခိုကိုးရာမဲ့ အဘိုးအဘွား (၈)ဦးတို့အတွက် ဆန်သုံးပြည်၊ ဆီငါးဆယ်ကျပ်သား၊ ဆားတစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာနှင့် ကြက်ဉဆယ်လုံးစီ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ လှူဒါန်းနိုင်ရန်အတွက် ရန်ကုန်မြို့နေ ဦးဝင်းကြိုင်မိသားစုမှ ငွေကျပ်ခြောက်သိန်း လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး ညောင်ဦးမြို့ ရွှေစေတီကျောင်းဆရာတော် ဦးတေဇဝံသ အမှူးပြုသည့် ပရဟိတအသင်းအဖွဲ့များမှ လုပ်အားဒါနကုသိုလ်အဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ချို့တဲ့အိမ်ထောင်စု(၇၄)စု၊ အဘိုးအဘွား(၈)ဦးနှင့် လက်လုပ်လက်စား ၄၀ စုစုပေါင်း (၁၂၂)ဦးစာ ထောက်ပံ့လှူဒါန်းနိုင်ခဲ့ကြောင်း ပရဟိတအသင်းဝင် ဦးဇော်ဇော်ထံမှ သိရသည်။

 

ကျော်မင်းဦး(ရေနံချောင်း)