ပဲခူး ၁၁ ဇွန်
ပဲခူးမြို့နယ်၊ လှော်ကားကျေးရွာ၊ ရန်ကုန်-မန္တလေး အမြန်လမ်း(၃၁)မိုင်၊ ထာဝရငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ် ပရဝုဏ်တွင် ကိုးကွယ်ပူဇော်မည့် အဘယသန္တိသုခ မဟာမုနိ ရပ်တော်မူ ရုပ်ပွားတော်မြတ်ကြီး အား ဇွန် ၁၀ ရက်၊ မွန်းလွဲ ၁ နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း သွားရောက် ဖူးမြော် ကြည်ညိုခဲ့သည်။
ရှေးဦးစွာ တိပိဋကဓရ ဓမ္မာဘဏ္ဍာဂါရိက၊ မင်းကွန်းဆရာတော်ကြီး၏ အရပ်(၁၀)မျက်နှာ မေတ္တာပို့ကဗျာများနှင့် ဗုဒ္ဓပူဇာတေးသံသာဖြင့် သီကျူးပူဇော်၍ အဘယသန္တိသုခ မဟာမုနိ ရပ်တော်မူ ရုပ်ပွားတော်မြတ်ကြီးအား ယာယီစံကျောင်းသို့ ပင့်ဆောင်ခဲ့ကြပြီး နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ကာ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ် ပရိတ်တရားတော်အား ရွတ်ပွားချီးမြှင့်တော်မူခဲ့ပြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ဆရာတော်များထံမှ အနုမောဒနာတရားနာကြားကြပြီး ရေစက်သွန်းချ အမျှဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်အနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ လှော်ကားကျေးရွာ၊ ရန်ကုန်-မန္တလေး အမြန်လမ်း(၃၁)မိုင်၊ ထာဝရငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ်ပရဝုဏ်တွင် ကိုးကွယ်ပူဇော်မည့် အဘယသန္တိသုခ မဟာမုနိ ရပ်တော်မူ ရုပ်ပွားတော်မြတ်ကြီး အား ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အပြည်ပြည်ဆိုင်ရာ ဝိပဿနာရိပ်သာ မဟာကုသလာရာမကျောင်းတိုက်(ဓမ္မဝံသကျောင်း) ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်) အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ အမှူးပြုသော တပည့်ဒါယိကာ၊ ဒါယိကာမများမှ တည်ထားကိုးကွယ်ရန် စုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)