ညောင်ဦး     ၂၉ စက်တင်ဘာ     

 

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်သူများ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်  တောင်သူများ သီးနှံစိုက်ပျိုးရာတွင် ဓာတ်ကြွင်းအာနိသင်ပါဝင်မှုနှင့် အယ်ဖလာတောက်ဆင် ပါဝင်မှု လျှော့ချနိုင်စေရန် ရည်ရွယ်ကာ ညောင်ဦးမြို့နယ်အတွင်း ကျေးရွာပေါင်း (၁၆)ရွာတွင် စီမံကိန်းများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား တာဝန်ယူဆောင်ရွက်သည့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများအား နည်းပညာပေး သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

 

အဆိုပါ သင်တန်းသို့ ညောင်ဦးမြို့နယ်အတွင်း အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဓာတ်ကြွင်း အာနိသင်နှင့် အယ်ဖလာတောက်ဆင် ပါဝင်မှု လျှော့ချရေးစီမံကိန်းအား တာဝန်ယူဆောင်ရွက်သည့် ကွင်းဆင်းပညာပေး ဝန်ထမ်း(၁၆)ဦး တက်ရောက် သင်ကြားခဲ့ပြီး သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးမာ (ဒုတိယညွှန်ကြားရေးမှူး - ငြိမ်း ၊ သီးနှံကာကွယ်ရေးဌာနခွဲ)က သီးနှံများစိုက်ပျိုးရာတွင် သီးနှံအရည်အသွေး ကောင်းမွန်စေရန်နှင့် အစားအသောက်ဘေးကင်း လုံခြုံမှုရှိစေရန် လိုက်နာဆောင်ရွက်ရမည့် ဓာတုလွတ်သီးနှံစိုက်ပျိုးနည်းစနစ်များနှင့် သီးနှံအထွက်နှုန်း လျော့နည်းမှုမရှိ စေရန် ရိတ်သိမ်းချိန်လွန် နည်းပညာများကိုလည်းကောင်း၊ သင်တန်းနည်းပြဆရာမ ဒေါက်တာ ဝဏ္ဏထွန်း (ဦးစီးအရာရှိ ၊ ဉယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ)က စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) စိုက်ပျိုးနည်းစနစ်များနှင့် မြေပဲသီးနှံစိုက်ပျိုးရာတွင် အယ်ဖလာတောက်ဆင်(မှိုအဆိပ်)ပါဝင်မှု လျှော့ချနိုင်ရေး (GAP) နည်းစနစ်ဖြင့် စိုက်ပျိုးပုံနည်းစနစ်များကိုလည်းကောင်း နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကဏ္ဍအလိုက် စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးခဲ့ကြသည်။

 

 

သင်တန်းအပြီးတွင် သင်တန်းသား၊ သင်တန်းသူများက မိမိတို့ တာဝန်ကျရာ စီမံကိန်းဝင်ကျေးရွာများတွင် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ တွေ့ကြုံရသည့် လုပ်ငန်းအခက်အခဲများနှင့် စပ်လျဉ်းပြီး တင်ပြဆွေးနွေးကြရာ သင်တန်းနည်းပြဆရာများက တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပြည်သူများ အစားအသောက် ဘေးကင်းစေရေးအတွက် ဆောင်ရွက်နေသည့်စီမံကိန်းလုပ်ငန်းများအား အောင်မြင်အောင် ဝန်ထမ်းအချင်းချင်း ဆွေးနွေးညှိနှိုင်းကာ ကြိုးပမ်းဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေးမှာကြားခဲ့သည်။

 

 

ရဲဝင်းနိုင် (ညောင်ဦး)