နေပြည်တော် ၂၄ မေ
မသန့်ရှင်းသော အစားအသောက်များနှင့် အဆိပ်အသောက်ဖြစ်စေနိုင်သော အစားအစာများကို စားသုံးခြင်းကြောင့် ဖြစ်ပွားတတ်ပါသည်။ အစာအဆိပ်သင့်ဖြစ်ပွားမှု အများစုမှာ ရောဂါပိုးများကြောင့် ဖြစ်ပွားတတ်ပြီး အခြားအဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများ၊ စားသုံးရန် မသင့်တော်သည့် အပင်၊ သစ်ဥသစ်ဖုများနှင့် ငါး၊ ခရုများရှိ အဆိပ်ဖြစ်စေသော ဓာတ်ပစ္စည်းများကြောင့်လည်း ဖြစ်ပွားတတ်ပါသည်။
အစာအဆိပ်သင့် ဖြစ်စေနိုင်သည့် အကြောင်းအရင်းများ
(၁) ရောဂါပိုးကြောင့် အစာအဆိပ်သင့်ခြင်း
• အသားစိမ်း၊ ငါးစိမ်းများ စားသုံးခြင်း၊
• မကျက်တကျက် ချက်ပြုတ်ထားသော အသားနှင့် ပင်လယ်စာများ စားသုံးခြင်း၊
• မသန့်ရှင်းသော အစားအစာများ၊ ရက်လွန်အစားအစာများ စားသုံးခြင်း၊
• မသန့်ရှင်းသော နို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးခြင်း၊
• သိုးနေသော ထမင်းနှင့် ဟင်းများ စားသုံးခြင်း၊
• အမှည့်လွန်သစ်သီးများကို စားသုံးခြင်း၊
• မသန့်ရှင်းသော အိုးခွက်ပန်းကန်များ (သို့) မသန့်ရှင်းသော လက်ဖြင့် အစားအစာ ချက်ပြုတ် ပြင်ဆင်စားသုံးခြင်း၊
(၂) ဓာတုပစ္စည်းများကြောင့် အစာအဆိပ်သင့်ခြင်း၊
• စားသုံးရန်မသင့်တော်သည့် မှို၊ အသီးအရွက်၊ သစ်သီးသစ်ဖု၊ ငါးခရုများ စားသုံးခြင်း၊ တွဲဖက်မစားသင့်သော အစားအစာများ စားသုံးခြင်း
• ဓာတုပစ္စည်းများဖြစ်သော အင်ဂျင်ဝိုင်၊ ဒီဇယ်၊ မက်သနော၊ ပိုးသတ်ဆေး စသည်တို့ ထည့်ထားသည့် ပုလင်း၊ ပုံး၊ ခွက် စသည်တို့တွင် အစားအသောက်နှင့် ရေများထည့်၍ စားသောက်ခြင်း၊
• ဘက်တီးရီးယား ပိုးပေါက်၍ ဖောင်းနေသော စည်သွပ်ဘူးများအား စားသုံးမိခြင်း၊
• သန့်စင်မှုအားနည်း၍ မက်သနောပါဝင်မှုများသော အရက်များသောက်မိခြင်း၊
အစာအဆိပ်သင့် လက္ခဏာများ
မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်း၊ အရည်ဝမ်းသွားခြင်း၊ ဖျားခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ယားယံခြင်း၊ မျက်စိပြာဝေခြင်း၊ သွေးပေါင်ချိန်ကျခြင်း တက်ခြင်း၊ ချွေးထွက်များခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ပွားနိုင်ပြီး အသက်ပါ ဆုံးရှုံးနိုင်ပါသည်။ အစားအစာ စားသုံးပြီးချိန် မိနစ်ပိုင်းအတွင်း အစာအဆိပ်သင့်သည့် လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်၍ ချက်ချင်း ဆေးကုသမှု ခံယူပါ။
အစာအဆိပ်သင့် ဖြစ်ပွားမှုများ ကာကွယ်ရန်
(၁) သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ၊ အသားများကိုသာ ရွေးချယ်စားသုံးပါ။
(၂) ရက်လွန်အစားအစာများ၊ ပုပ်သိုးနေသော အစားအစာများ၊ အမှည့်လွန်သစ်သီးဝလံများ၊ သံချေးတက် ပုံပျက်နေသော စည်သွပ်ဘူးများအား စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။
(၃) အိမ်သာ အသုံးပြုပြီးလျှင် (သို့) အစားအစာ ကိုင်တွယ် ချက်ပြုတ်ပြင်ဆင်ခြင်းမပြုမီ လက်ကို ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောပါ။
(၄) အသီးအရွက်၊ သားငါးများကို ရေဖြင့် စင်ကြယ်စွာ ဆေး၍ ကျက်အောင် ချက်ပြုတ်စားသောက်ပါ။
(၅) အစားအစာ ချက်ပြုတ်ပြီး မကြာမီအချိန်အတွင်း ပူပူနွေးနွေး စားသုံပါ။ လတ်တလော မစားသုံးဖြစ်သေးပါက ရေခဲသေတ္တာထဲတွင် အပူချိန်(၅)ဒီဂရီ စင်တီဂရိတ်အောက်၌ သိမ်းပြီး (၆၀) ဒီဂရီ စင်တီဂရိတ်အထိ ပြန်နွှေးပြီးမှ စားသုံးပါ။
(၆) ချက်ပြုတ်ပြီးအစားအစာနှင့် မချက်ပြုတ်ရသေးသော အစားအစာများအား လှီးဖြတ်ရာတွင် ဓားနှင့် စဉ်းတီတုံးများကို သပ်သပ်စီ ခွဲခြား အသုံးပြုပါ။
(၇) ချက်ပြုတ်ပြီးအစားအစာနှင့် မချက်ပြုတ်ရသေးသော အစားအစာများအား ရောနှော သိုလှောင်သိမ်းဆည်းမပြုရပါ။
(၈) ဝမ်းပျက်ဝမ်းလျှော ရောဂါလူနာများအနေဖြင့် အစားအစာများအား ကိုင်တွယ်ပြင်ဆင် ချက်ပြုတ်ခြင်း မပြုသင့်ပါ။
(၉) စားကြွင်းစားကျန်များ ထည့်ထားသော အမှိုက်ပုံးအား သေချာစွာ ဖုံးအုပ်ထားရန်နှင့် မပြည့်လျှံမီ စွန့်ပစ်ပါ။
(၁၀) ကြွက်နှင့် ယင်များ မခိုအောင်းနိုင်စေရန် မီးဖိုချောင်အား သန့်ရှင်းသပ်ရပ်စွာ ထားပါ။
(၁၁) မက်သနော ပါဝင်မှုများသော အရက်သေစာ သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။
(၁၂) အမျိုးအမည်မသိ၊ မစားသောက်ဖူးသောမှို၊ အရွက်များ၊ သစ်သီးသစ်ဖုနှင့် ပင်လယ်စာများ သတိထား၍ စားသောက်ပါ။
ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။
MDN