ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
အစာအိမ်ဆိုတာ အစာတွေကို ချေဖျက်ပေးတဲ့ ဗိုက်ထဲကအစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာအပြင် ဘာတွေသိထားပါသလဲ။ အစာအိမ်အကြောင်း သေချာမသိထားဘဲ မှတ်ထားတာတွေက မှန်ကန်ရဲ့လား။ အတော်များများ လက်ခံထားကြတဲ့ ယုံတမ်းစကားတွေထဲက ဟုတ်သယောင်ယောင်နဲ့ မှားနေတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်…
(၁) အစာအိမ်ထဲမှာပဲ အစာခြေတယ်
အစာချေဖျက်ခြင်းရဲ့ အဓိကလုပ်ငန်းစဉ်က အူသိမ်ထဲမှာ လုပ်ဆောင်တာ ဖြစ်ပါတယ်။ အစာအိမ်က အစာတွေလက်ခံပြီးတဲ့အခါ ရောမွှေပြီး အပိုင်းအစငယ်တွေအဖြစ် ဖြိုခွဲပေးပါတယ်။ ပြီးတော့မှ အူသိမ်ထဲကို နည်းနည်းချင်းအစုလိုက်ပို့ထုတ်ပေးပြီး အစာချေဖျက်မှုအများစုကို လုပ်ဆောင်တာဖြစ်ပါတယ်။ အများစုထင်ထားကြသလို အရင်စားတာကိုအရင်ခြေတာမျိုး အစဉ်လိုက်လုပ်ဆောင်တာမဟုတ်ပါဘူး။ အစာအိမ်ထဲရောက်လာသမျှကို အတူရောမွှေပြီး အူသိမ်ထဲကို ပို့တာဖြစ်ပါတယ်။
(၂) အစားလျှော့လိုက်ရင် အစာအိမ်ကျဉ်းသွားမယ်
လူတစ်ယောက်က အရွယ်ရောက်လာပြီဆိုရင် ဗိုက်ထဲကအစာအိမ်ဟာ ရှိသင့်တဲ့အရွယ်အစားထိ ဖွံ့ဖြိုးနေမှာပါပဲ။ အကြောင်းရင်းတစ်ခုခုကြောင့် ခွဲစိတ်မှုနဲ့မလုပ်ထားသရွေ့ အစာအိမ်က အလိုလိုကျုံ့သွားမှာမဟုတ်ပါဘူး။ အစားလျှော့စားရင်း သိပ်မစားနိုင်တော့တာက အစာစားချင်စိတ်ထိန်းချုပ်မှုကို ပြန်ချိန်ညှိဖို့ အထောက်အကူဖြစ်စေလို့ သိပ်မဆာတော့တာဖြစ်ပါတယ်။
(၃) ပိန်တဲ့သူတွေက အစာအိမ်ပိုသေးတယ်
“ ဘယ်စားနိုင်မလဲ လူကောင်သေးသေးလေးဆိုတော့” ဆိုတဲ့စကား ပြောမိဖူးကြတယ်မလား။ ပိန်တဲ့သုူတွေကို လျှော့တွက်မိကြတယ်လေ။ တကယ်တော့ အစာအိမ်ရဲ့အရွယ်အစားက လူကောင်ကြီးတာ၊ သေးတာ၊ ပိန်တာ၊ ဝတာနဲ့မဆိုင်ပါဘူး။ ကိုယ်တွင်းအင်္ဂါဖွံ့ဖြိုးမှုက လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ တချို့ပိန်ပိန်လေးတွေက ဝိတ်များတဲ့သူတွေနဲ့တန်းတူအရွယ်အစား သို့မဟုတ် ပိုကြီးတဲ့အစာအိမ်တောင် ရှိနေနိုင်ပါသေးတယ်။
(၄) အစာအိမ်အနာဖြစ်ရတာ အစပ်တွေစားလို့
ဟိုးအရင်ကတော့ အစာအိမ်အနာဆိုတာ အစားအသောက်တချို့ကြောင့်ဖြစ်ရတာလို့ ဆရာဝန်တွေက ယူဆခဲ့ကြဖူးပါတယ်။ ဒါပေမယ့် အခုတော့ အစာအိမ်အနာဖြစ်စေတာက အကိုက်အခဲပျောက်ဆေးတွေ ဆက်တိုက်သောက်လွန်းတာ၊ H. pylori လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် စတဲ့အကြောင်းရင်းတွေကို သိလာကြပါပြီ။ အစားအသောက်ကြောင့် ဖြစ်ရတာချည်းမဟုတ်ဘူးဆိုပေမယ့်လည်း အစာအိမ်အနာကို သက်သာစေ ဒါမှမဟုတ် ပိုဆိုးစေနိုင်တဲ့ အစားအသောက်တွေတော့ရှိပါတယ်။
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”