အစာအိမ်ရောဂါ ရှိတဲ့သူ၊ အစာအိမ်အနာ၊ အူသိမ်အနာရှိတဲ့သူတွေက ဥပုသ်စောင့်ဖို့အဆင်ပြေပါ့မလားလို့ လာမေး တတ်ကြပါတယ်။ သားသတ်လွတ်စားတာ လောက်တော့ အဆင်ပြေပေမယ့် အချိန်အကြာကြီး ဘာမှမစားဘဲ ဥပုသ်စောင့်မယ်ဆိုရင်တော့ နည်းနည်းတော့ ကြိုတင်ပြင်ဆင်စရာလေးတွေ၊ ဆင်ခြင်ရမှာလေးတွေ ရှိပါတယ်။ ကျန်းမာရေးလည်း မထိခိုက်ဘဲ အဆင်ပြေပြေ ဥပုသ်စောင့်နိုင်ဖို့ အောက်မှာနည်းလမ်းတချို့ကို ပြောပြပေးပါမယ်။ အတူတူ ဆက်ကြည့်ရအောင်။

 

အစာအိမ်နာဆိုတာ

 

ဒါတွေအရင်မပြောခင် အစာအိမ်နာရတဲ့ အကြောင်းတွေကို စပြောရအောင်။ ဒါမှ နောက်ပိုင်း ဆောင်ရန် ရှောင်ရန် တွေ ပြောတဲ့အခါ အဆင်ပြေမှာပါ။ အစာအိမ်နာမှာ အစာအိမ်မှာ ဖြစ်တဲ့ အနာရယ်၊ အူသိမ်မှာ ဖြစ်တဲ့အနာရယ် ဆိုပြီး ရှိပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းတွေ နည်းနည်းဆင်တာမို့လို့ ရောပြီးပြောလိုက်ပါမယ်။

 

•    H. pylori

 

အစာအိမ်အနာကို ဖြစ်စေတဲ့ အကြောင်းတွေထဲမှာ ထိပ်ဆုံးပါပဲ။ ဘက်တီးရီးယားအမျိုးအစား ဖြစ်လို့ ပိုးသတ်ဆေးနိုင်နိုင်နဲ့ ထိထိရောက်ရောက် ကုသနိုင်ပါတယ်။

 

•    အကိုက်အခဲပျောက်ဆေးတွေ

 

အကိုက်အခဲပျောက်ဆေးတွေကို ရေရှည်စွဲသောက်တဲ့အခါ အစာအိမ်အနာဖြစ်တာ၊ သွေးယိုတာ ဖြစ်တတ်ပါတယ်။

 

•    ဆေးလိပ်

 

ဆေးလိပ်က သွေးကြောတွေကို ပျက်စီးစေတဲ့အတွက် အစာအိမ်သွေးယိုတာကို ဖြစ်စေပါတယ်။

 

•    အပူအစပ်၊ အရက်နဲ့ စိတ်ဖိစီးမှု

 

ဒါတွေက အစာအိမ်အနာကို ဖြစ်စေတယ်ဆိုတာထက် ဖြစ်ပြီးသား အနာကို ပိုဆိုးစေတာက များပါတယ်။

 

ဒီလောက်ဆိုရင် ဖြစ်ရတဲ့ အကြောင်းရင်းကို သိပြီဆိုတော့ ဆောင်ရန် ရှောင်ရန်တွေကို ဆက်ကြည့်ရအောင်။

 

အစာအိမ်ရောဂါ ရှိသူတွေ ဥပုသ်စောင့်မယ်ဆိုရင်

 

•    ဥပုသ်စောင့်လို့ရပါ့မလား။

 

ဒါက ရောဂါအခြေအနေပေါ် မူတည်ပါတယ်။ လတ်တလောမှာ အစာအိမ်နာက ပြင်းထန်နေတယ်ဆိုရင်တော့ မစောင့်ဖို့ အကြံပြုပါရစေ။ အဲ့ဒီအစား သားသတ်လွတ် စားတာ၊ တရားထိုင်တာတွေ လုပ်လို့ရပါတယ်။ ခံနိုင်တယ်၊ သိပ်မဆိုးဘူးဆိုရင်တော့ ဆက်တိုက်မဟုတ်တောင် တစ်ပတ်တစ်ရက် (ဥပုသ်ရက်တွေမှာ) စောင့်လို့ရပါတယ်။ အကောင်းဆုံးကတော့ ဥပုသ်စောင့်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကြိုတင်ကုသထားပါ။ ဥပမာ H. pylori လိုမျိုးဆိုရင် ပိုးသတ်ဆေးတွေသောက်ပြီး ကုထားလို့ရတယ်လေ။

 

•    အဆာခံနိုင်ပါ့မလား။

 

တစ်နေကုန်ဘာမှ မစားဘဲနေတာ မဟုတ်တဲ့အတွက် အနည်းနဲ့ အများတော့ ခံနိုင်ရည် ရှိကြပါတယ်။ ဒါကြောင့်လည်း ရောဂါပြင်းထန်တဲ့သူတွေကို မစောင့်ဖို့ အကြံပြုထားတာပါ။ သူတို့ကျ ခံနိုင်မှာ မဟုတ်ပါဘူး။

 

တချို့က အဆာမခံနိုင်စိုးလို့ မွန်းလွဲချိန်မတိုင်မီ အဝစားထားတတ်ပါတယ်။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့  အချက်ပါပဲ။ ဘာမှမစားတာက အစာအိမ်နာစေသလို အစာတွေ ပြည့်အင့်အောင် စားထားတာကလည်း အက်စစ်တွေ ပိုထွက်စေလို့ ဗိုက်အောင့်တတ်ပါတယ်။ ဒါ့ပြင် ဗိုက်အင့်နေတာကြောင့် နောက်ပိုင်းမှာ တရားအားထုတ်ဖို့ပဲ ခက်ခဲမှာပါ။

 

•    ဘယ်လို အစားအစာတွေ ရှောင်ရမလဲ။

 

-ခုနကပြောသလို ပြည့်အင့်အောင် မစားပါနဲ့။

 

–အပူအစပ်တွေ ရှောင်ပါ။

 

-ကော်ဖီ၊ လက်ဖက်ရည် ရှောင်ပါ။ မွန်းလွဲလို့ အစားမစားရတော့ဘူးဆိုရင် အဆာပြေအောင် အရည်တွေ သောက်တတ်ကြပါတယ်။ တခြားအရည်တွေက ပြဿနာ သိပ်မရှိပေမယ့် ကဖင်းပါတာတွေက အနာကိုပိုဆိုးစေတာမို့လို့ ရှောင်ပေးပါ။

 

-ဆေးလိပ်လည်း ဖြတ်ထားပါ။

 

-အဆီများတာတွေ၊ အချိုများတာတွေက ရောင်ရမ်းတာကို ပိုဆိုးစေလို့ လျှော့စားပါ။

 

•    ဘယ်လို အစားအစာတွေ စားပေးရမလဲ။

 

-အဆာခံနိုင်အောင် အသီးအရွက်များများ၊ အသား၊ ပဲ၊ ဥတွေ စားပေးပါ။ အသီးအရွက်တွေက polyphenols ပါလို့ ရောင်ရမ်းတာကို ကျစေပါတယ်။

 

-အသီးအနှံတွေလည်း စားပေးပါ။

 

-အိုမီဂါ ၃ ပါတဲ့ ငါးတွေ စားပေးပါ။

 

-အုတ်ဂျုံတွေက ရောင်ရမ်းတာကို ကျစေလို့ မနက်စာအနေနဲ့ သင့်တော်ပါတယ်။

 

-စားတဲ့နေရာမှာလည်း နည်းနည်းနဲ့ ခဏခဏစားပေးပါ။ စွပ်ပြုတ်နွေးနွေးလေး သောက်ပေးပါ။

 

-အထူးသဖြင့် မနက်ပိုင်း ဥပုသ်ထွက်ရင် အစားကို အများကြီး မစားဘဲ နည်းနည်းနဲ့ ဖြည်းဖြည်းချင်း စားပေးပါ။ ကြေညက်အောင် ဝါးပေးပါ။

 

•    ဘာတွေကို သတိထားရမလဲ။

 

– ဥပုသ်စောင့်နေရင်းနဲ့ ဗိုက်အောင့်လာရင် အစားတစ်ခုခု စားလိုက်ပါ။ ဥပုသ်က နောက်ရက်တွေ အစားပြန်စောင့်လို့ရပါတယ်။

 

-ဆရာဝန်ညွှန်ကြားထားတဲ့ အစာအိမ်ဆေးတွေ သောက်လို့လည်း ရပါတယ်။

 

-ဥပုသ်စောင့်တဲ့ရက်မှာ နာကျင်ကိုက်ခဲတာရှိရင် ကိုယ့်သဘောနဲ့ကိုယ် အကိုက်အခဲပျောက်ဆေးတွေ မသောက်ပါနဲ့။

 

ဒီနည်းလမ်းတွေနဲ့ဆိုရင်တော့ ကျန်းကျန်းမာမာနဲ့ ဥပုသ်စောင့်နိုင်မှာပါ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ၊ ရေးသားသူ Dr. Htet Htet Zaw Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”