အစာအိမ်သမားတွေ နွားနို့သောက်တာ ကောင်းလား

၉  အောက်တိုဘာ

အစာအိမ်ရောဂါရှိတာလား နွားနို့သောက်လေ။ နွားနို့က အစာအိမ်အတွက် ကောင်းတယ်တဲ့။ ဟိုးအရင်တည်းက ဒီလိုသိထားကြတာပဲ။ ဒါက တကယ်ရော မှန်ရဲ့လား။

 

အမှန်တော့ အစာအိမ် အက်စစ်ပြန်ဆန်တက်တဲ့ဝေဒနာကို သက်သာဖို့ နွားနို့သောက်ကြတာပါ။ ရင်ပူလာရင် အစာအိမ် အက်စစ်ထွက်တာ လျော့သွားအောင် နွားနို့က ကူညီပေးနိုင်တယ်ပေါ့။ အဲဒီမှာ နွားနို့က အစာအိမ် အက်စစ်ထွက်တာကို ယာယီပဲလျော့စေနိုင်တာဖြစ်ပြီး တကယ်ကုသပေးနိုင်တာ မဟုတ်ပါဘူး။

 

နွားနို့မှာပါတဲ့ ပရိုတင်းက အူသိမ်ဦးပိုင်းကြွက်သားတွေကို အားကောင်းစေပြီး အစာအိမ်ရင်ပူခြင်း ကိုကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ရင်ပူဝေဒနာကို မကြာခဏ ခံစားနေကျ အစာအိမ်သမားတွေမှာ အဆီများတဲ့ အစားအသောက်တွေကြောင့် အစာအိမ်အက်စစ်ပိုထွက်စေနိုင်လို့ သောက်မယ်ဆို အဆီထုတ်နွားနို့ကမှ နည်းနည်းအဆင်ပြေနိုင်ပါတယ်။

 

နွားနို့လေး နည်းနည်းသောက်လိုက်ရင် ရင်ပူတာနဲ့ အစာအိမ်အက်စစ်ကြောင့် ဖြစ်တဲ့ အနာတို့ရဲ့ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ သောက်တာများရင်တော့ အက်စစ်ပိုထွက်စေပြီး ပိုလို့တောင် ဆိုးစေနိုင်ပါတယ်။ ဒါ့ကြောင့် အစာအိမ်သမားတွေအနေနဲ့ အက်စစ်ထွက်ရှိမှုထိန်းနိုင်ဖို့ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေကို တစ်နေ့ သုံးကြိမ်ထက် ပိုမစား၊ သောက်ဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။

 

ဘာတွေစားလို့ရမလဲ

Probiotics ပါတဲ့အစားအစာ

ဒိန်ချဉ်၊ ပဲပြား၊ ကင်ချီ၊ စတဲ့ အစားအစာတွေမှာ probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ အဲဒီ probiotics လေးတွေက H. pylori ရောဂါပိုးကို ခုခံတိုက်ထုတ်ပေးတယ် ဒါမှမဟုတ် ကုသမှုတွေ၊ ဆေးတွေကို အာနိသင်ပိုထိရောက်အောင် ကူညီပေးပါတယ်။

 

အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာ

ပန်းသီး၊ သစ်တော်သီး၊ အုတ်ဂျုံ စတဲ့အစားအစာတွေမှာ အမျှင်ဓာတ်ပါဝင်မှုများပါတယ်။ အမျှင်ဓာတ်က အစာအိမ်ထဲမှာ အက်စစ်ထွက်ရှိမှုပမာဏကို လျော့နည်းစေပြီး လေပွခြင်း၊ ဗိုက်အောင့်ခြင်းတွေကို သက်သာစေပါတယ်။ အစာအိမ်အနာကိုလည်း ကာကွယ်ပေးတယ်လို့ သုတေသနတွေက ဆိုပါတယ်။

 

ဗီတာမင် A ကြွယ်ဝတဲ့ အစားအစာ

ဗီတာမင် A ကြွယ်ဝတဲ့ ကန်စွန်းဥက အစာအိမ်အနာတွေကို သေးငယ်သွားစေနိုင်တယ်၊ မဖြစ်ခင်မှာလည်း ကြိုတင်ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။ ဟင်းနုနွယ်၊ မုန်လာဥနီ၊နဲ့ အမဲအသည်းတို့အပါအဝင် ဗီတာမင် A ကြွယ်ဝတဲ့တခြားအစားအစာတွေဟာလည်း အာနိသင် အလားတူပါပဲ။

 

ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာ

ဗီတာမင် C က အနာကျက်စေနိုင်တဲ့ အစွမ်းရှိတာမို့ ဒီဓာတ်မလုံလောက်တဲ့သူတွေမှာ အစာအိမ် အနာဖြစ်နိုင်ခြေပိုများပါတယ်။ ပန်းငရုတ်ပွအပြင် အရည်ရွှမ်းတဲ့အချဉ်သီးတွေ၊ စတော်ဘယ်ရီ၊ ကီဝီနဲ့ ပန်းဂေါ်ဖီစိမ်းတို့ကိုလည်းစားလို့ရပါတယ်။

 

ဒါ့ကြောင့် နွားနို့သောက်မယ်ဆို အဆီနည်းတဲ့နွားနို့ကို တော်သင့်ရုံအနည်းအကျဉ်း သောက်ပါ၊ သက်သာပါတယ်။ အစာအိမ်မကောင်းချိန်မှာ အဆီတွေ၊ မလိုင်တွေနဲ့ အဆီပြည့်နွားနို့တွေ၊ နို့ထွက်ပစ္စည်းတွေကို များများမသောက်၊ မစားပါနဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 ရေးသားသူ Yun Sandi Nan Mon

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်