ရန်ကုန် ၁၁ စက်တင်ဘာ
အစားအသောက်ဘေးကင်းရေးဆိုင်ရာ ဆွေးနွေးပွဲကို စက်တင်ဘာ ၂၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစားအသောက်ဘေးကင်းရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပမည့်အကြောင်းနှင့်ပတ်သက်၍ ယနေ့ နံ နက် ၉ နာရီက ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းခဲ့သည်။ စာနယ်ဇင်းရှင်းလင်းပွဲတွင် Myanmar Innovative Life Sciences(MILS) ကုမ္ပဏီမှ စီအီးအို ကိုကျော်သူထက်၊ မြန်မာစားသုံးသူများ သမဂ္ဂနှင့် အစာအဟာရဆိုင်ရာသိပ္ပံနှင့် နည်းပညာအသင်း ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းကြည်၊ မဲခေါင်အင်စတီ ကျူ့မှ Ms Maria Theresa Medialdia, မက်ထရိုဟိုးဆေးမြန်မာမှ ဒေါ်စုရည်မွန်၊ စီးတီးမတ်ဟိုးဒင်းမြန်မာမှ ဒေါ်စုရည်မွန်နှင့် ဒါရိုက်တာ ဦးဝင်းမြင့်အောင်၊ MILS မှ အစားအသောက်ဘေးကင်းရေးအကြံပေးပညာရှင် ဒေါ်စုလွင်ထိုက်တို့က ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ၌ အစားအသောက် စိုက်ပျိုးထုတ်လုပ်ရောင်းချနေသော ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များနှင့် အရည်အသွေး စမ်းသပ်စစ်ဆေးရေးတာဝန်ရှိသူများ တက်ရောက်လေ့လာနိုင်ပြီး အစိုးရ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ပညာရှင်များအကြား အစားအသောက်ထုတ်လုပ်ရေးနှင့်စပ်လျဉ်းသည့် အခက်အခဲများ၊ အခွင့်အလမ်းများကို ဝိုင်းဝန်းဆွေးနွေးနိုင်မည့် အစီအစဉ်တစ်ခုဖြစ်ကာ လက်ရှိကြုံတွေ့လျက်ရှိသော အခက်အခဲများကို မေးမြန်းဆွေးနွေးအဖြေ ရှာနိုင်စေရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ Myanmar Innovative Life Sciences ကုမ္ပဏီမှ စီအီးအို ကိုကျော်သူထက်က “ဒီနေ့မြန်မာနိုင်ငံမှာ ၆၅ ရာခိုင်နှုန်းသော အသေးစားနဲ့ အလတ်စားထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေက အစားအစာကဏ္ဍကပါ။ ၇၀ ရာခိုင်နှုန်းသော လုပ်သားတွေကလည်း စိုက်ပျိုးမွေးမြူရေးဌာနမှာ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံက စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းကဏ္ဍကနေ နိုင်ငံစီးပွားရေးကို တိုးတက်အောင် အများကြီးလုပ်လို့ရပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ ဖြစ်နေတာကကျတော့ အရည်အသွေးမြင့် တန်ဖိုးမြှင့်ထုတ်ကုန်တွေထုတ်နိုင်တဲ့အပိုင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် ထိုင်းနိုင်ငံက ထုတ်လုပ်သမျှ လယ်ယာစိုက်ပျိုးမွေးမြူရေးထွက်ကုန်တွေ အကုန်လုံးရဲ့ ၅၂ ရာခိုင်နှုန်းကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး တင်ပို့ရောင်းချနိုင်နေတယ်။ မြန်မာ့နိုင်ငံအနေနဲ့ကျ ၂၉ ရာခိုင်နှုန်းပဲ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရောင်းချနိုင်တယ်။ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ရောင်းမယ်ဆိုရင် အခြေခံအကျဆုံးက ထုတ်ကုန်ပစ္စည်းတွေက ဘေးကင်းစိတ်ချရဖို့၊ အထူးသဖြင့် စားသောက်ကုန်ဆိုရင် ဘေးကင်းစိတ်ချရဖို့ အရမ်းအရေးကြီးတယ်။ လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ စားသောက်ကုန်လုပ်ငန်းရှင်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကတော့ သူတို့ အစားအသောက်တွေကို အရည်အသွေးပြည့်မီပြီး ဘေးကင်းအောင် ဘယ်လိုမျိုးစီမံခန့်ခွဲပြီး ထုတ်လုပ်ရမယ်ဆိုတဲ့နေရာများ Knowledge အပိုင်းရော၊ နည်းပညာအပိုင်းရော အားနည်းနေတာလေးကို သွားတွေ့ရတယ်။ ဒါတွေအတွက်ကို အခုလိုဖိုရမ်ကျင်းပဖြစ်တာပါ” ဟု ပြောကြားခဲ့သည်။
အစားအသောက်ဘေးကင်းရေးဆိုင်ရာ ဆွေးနွေးပွဲတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ လွှတ်တော်ကော်မတီများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကမ္ဘာစားနပ်ရိက္ခာအဖွဲ့အစည်း စသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ သံရုံးများမှ ပညာရှင်များ တက်ရောက်ဟောပြောမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံအတွင်းရှိ အစားအသောက်လုပ်ငန်းရှင်များ အများဆုံးကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးအဖြေရှာနိုင်ရန်အတွက် GMP and HACCP in Food Processing, Food Hygiene and Sanitation, Food Labelling and Consumer Relations, Legal Frameworks and Compliance ခေါင်းစဉ်များဖြင့် အလုပ်ရုံဆွေးနွေးပွဲများနှင့် စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


