လှိုင်းဘွဲ ၂၈ ဖေဖော်ဝါရီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက လမ်းဘေးဈေးသည်များ ရောင်းချနေသော အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းဇော်ဦးက ဈေးသည်များ လိုက်နာဆောင်ရွက်ရမည့် အချက်များကို စနစ်တကျ လိုက်နာရန် လိုအပ်ကြောင်း ပြောကြားပြီး ကရင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာ မင်းမင်းသူက လမ်းဘေးဈေးဆိုင်နှင့် လမ်းဘေးဈေးသည်များ လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ၊ အစားအသောက်များတွင် ထည့်သွင်းသုံးစွဲသင့်သည့်ပစ္စည်းများ၊ အစားအသောက်ဆိုးဆေးများ၊ မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရှိရသော အစားအသောက်၌ သုံးစွဲခွင့်မပြုသည့်ဆိုးဆေးများ၊ ဓါတုပစ္စည်းများဆိုင်ရာ ရှောင်ကြဉ်ရမည့်အချက်များ၊ ရက်လွန်အစားအသောက်များ၊ ခွင့်ပြုမိန့်မပါရှိသည့် စားသောက်ကုန်ပစ္စည်းများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ဈေးသည်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ဒေါက်တာ မင်းမင်းသူက အသေးစိတ် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


