မြိတ် ၂၆ ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများစားသုံးနေသော အစားအသောက် (ငါးကဏ္ဍ)နှင့် ပတ် သက်ပြီး ဘေးကင်းလုံခြုံမှုရှိရန်အတွက် ကောင်းမွန်သော ရေနေသတ္တဝါ မွေးမြူရေး ကျင့်စဉ် ရက်တိုသင်တန်းကို မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်လျက်ရှိသည်။
“ ဒီနေ့အချိန်မှာ ဟင်းသီးဟင်းရွက်ပဲစားစား ဘာအသားပဲစားစား ဘေးကင်းရဲ့လား ဘေးထွက်ဆိုးကျိုး ဘာတွေရှိမလဲ။ ဒီလိုသံသယတွေနဲ့စားနေရတာပေါ့နော်။ ဒီလိုသံသယတွေမရှိအောင် စားနိုင်အောင် ကျွန်တော်တို့ ငါးကဏ္ဍအနေနဲ့ ငါးမွေးမြူရေးကန်၊ ပုစွန်ကန်တွေမှ ပြည်သူလူထုတွေ မွေးကန်မှ ပြည်သူလူထုစားသုံးတဲ့ စားပွဲပေါ်ရောက်အထိ ပြည်သူလူထုကို ဘေးအန္တရာယ်ဖြစ်စေမယ့် အဆင့်တွေအားလုံးကိုဖယ်ရှား ဆောင်ရွက်ပြီး ကောင်းမွန်တဲ့ မွေးမြူရေးစနစ်နဲ့ သွားနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ သင်ကြားပို့ချတာဖြစ်ပါတယ်” ဟု တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသံချောင်းက ပြောသည်။
သင်တန်း၌ အစားအစာ ဘေးဉပါဒ်ကင်းစင်လုံခြုံရေး၊ ရေသတ္တဝါများကောင်းစွာနေထိုင်ရှင်သန်ရေး၊ ပတ် ဝန်းကျင်သဘာဝ မထိခိုက်သည့်နည်းလမ်းများ၊ လူမှုစီးပွားဘဝပြည့်စုံဖူလုံရန် ပြုလုပ်ရမည့် ဘာသာရပ်ကြီး(၄)ခု၊ အစားအသောက် ဘေးဉပါဒ်ကင်းစင်စွာ ထုတ်လုပ်ရေး၊ ငါးရောဂါနှင့်ပတ်သက်ပြီး စီမံခန့်ခွဲမှုနှင့် ရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်ရေး၊ မှတ်တမ်းများထိန်းသိမ်းထားရှိရေး စသောဘာသာရပ်များကို သင်တန်းနည်းပြ(၃)ဦးမှ သင်တန်းသား(၆၂)ဦးကို ဖေဖော်ဝါရီလ (၂၅)ရက်မှ (၂၇) ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး ကောင်းမွန်သော ရေနေသတ္တဝါမွေးမြူရေး ကျင့်စဉ်လက်မှတ် ရရှိထားသော ဂဏန်းမွေးမြူရေးလုပ်ငန်းတစ်ခုအား ကွင်းဆင်းလေ့လာရေး သွားကြမည်ဖြစ်ကြောင်း သင်တန်းကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
“ ကောင်းမွန်သော ရေနေသတ္တဝါမွေးမြူရေး ကျင့်စဉ်စနစ်ကို ငါး၊ ပုစွန်၊ ကဏန်း မွေးမြူရေးကန်အားလုံး ဆောင်ရွက်စေချင်ပါတယ်။ ဒါမှသာ ပြည်သူတွေရဲ့ စားသုံးတဲ့အခါမှာ ဘေးဉပါဒ် ကင်းစင်တဲ့ အစားအစာတွေ စားသုံးနိုင်မှာဖြစ်သလို ပြည်ပကိုတင်ပို့တဲ့အခါမှာလဲ နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ရေနေသတ္တဝါ မွေးမြူရေး လုပ်ငန်းရှင်တွေ အကုန်လုံးက ကောင်းမွန်သော ရေနေသတ္တဝါမွေးမြူရေးကျင့်စဉ်ကို ကျင့်သုံးကြပါလို့ အလေးအနက် တိုက်တွန်းလိုပါတယ်” ဟု သင်တန်းနည်းပြအဖွဲ့ခေါင်းဆောင် ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မော်မော်သန်း က တိုက်တွန်းစကားပြောကြားသည်။
သင်တန်းသားများမှ သင်တန်းပြီးမြောက်ပါက ၄င်းတို့တာဝန်ယူထားသည့် မွေးမြူရေးကန်များတွင် ရေ သတ္တဝါများ ကျန်းကျန်းမာမာနဲ့ရှင်သန်ကြီးထွားဖို့အတွက် ရေသတ္တဝါများကျွေးမွေးသော အစာများနှင့် ဘေးကင်း လုံခြုံရေး၊ ဇီဝလုံခြုံရေးတို့ကို ဆောင်ရွက်နိုင်မှာဖြစ်ပြီး မွေးမြူရေးကန်ဝန်ထမ်းများ၏ ကျန်းမာရေးဆိုင်ရာ အသိ အမြင်ဗဟုသုတများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်မှာဖြစ်ကြောင်း သိရသည်။ သင်တန်းကို ဖေဖော်ဝါရီလ(၂၅) ရက် နံနက်(၉)နာရီက ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဉီးသံချောင်းက အမှာစကားပြောကြား၍ ကောင်းမွန်သော ရေနေသတ္တဝါ မွေးမြူရေး အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မော်မော်သန်းက သင်တန်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ သင်တန်းစတင်ပို့ချခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


