နေပြည်တော် ၂၃ ဇူလိုင်

 

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းများ ပိုမိုထိရောက် တိုးတက်ကောင်းမွန်စေရေးအတွက် ဘက်စုံမှ ခြုံငုံသုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ ပြုလုပ်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး မွေးဖွားသည်မှ သေဆုံးသည့်အချိန်အထိ နေ့စဉ်စားသုံးနေရသော အစားအစာများ၊ အကြောင်းအမျိုးမျိုးကြောင့် သုံးစွဲရသည့် ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများ အရည်အသွေးပြည့်မီ၍ ဘေးအန္တရာယ်ကင်းရှင်းရေးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ပီပြင်မှုနှင့် တိုက်ရိုက်သက်ဆိုင်နေပါကြောင်း၊ ရောဂါပိုးမွှားများ၊ အန္တရာယ်ရှိ ဓာတုပစ္စည်းများနှင့် ခွင့်မပြုဆိုးဆေးများအပါအဝင် ရောဂါဖြစ်ပွားစေနိုင်သည့် အရာများသည် နေ့စဉ်နှင့် အမျှစားသုံးနေရသည့် အစားအသောက်များမှတစ်ဆင့် လူ၏ကိုယ်ခန္ဓာထဲသို့ အများဆုံးဝင်ရောက်နိုင်ပါကြောင်း၊ အစားအသောက်၊ အလှကုန်နှင့် ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းမှု မရှိပါက လတ်တလော၌ ကျန်းမာရေး ပြဿနာများနှင့် ရင်ဆိုင်ရသကဲ့သို့ ရေရှည်တွင်လည်း ပြည်သူများအပေါ်၌ များစွာသော ဆိုးကျိုးများ သက်ရောက်နိုင်ပါကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ လုပ်ငန်းများ ပိုမိုထိရောက် တိုးတက်ကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာ ဌာနခွဲအလိုက် မိမိတို့၏လုပ်ငန်းများ ပီပြင်မှု ရှိ၊ မရှိကို  ပွင့်လင်းစွာ ဌာနတွင်းဆွေးနွေးမှုများ၊ ဌာနခွဲအချင်းချင်း တိုင်ပင်ညှိနှိုင်းမှုများကို မိသားစုဆွေးနွေးခြင်း ပုံစံဖြင့် တစ်နှစ်လျှင် (၂)ကြိမ်ခန့် ဆောင်ရွက်စေလိုပါကြောင်း။

 

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းများနှင့် လုပ်ငန်းအဆင့်ဆင့်ကို ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် ဌာန၏အင်တာနက်စာမျက်နှာမှတစ်ဆင့် လုပ်ငန်းရှင်များနှင့် ပြည်သူများထံသို့ အချိန်နှင့်တစ်ပြေးညီ အသိပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ဆောင်ရွက်နေသော အစားအသောက်နှင့် ဆေးဝါးဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ နည်းပညာဖွံ့ဖြိုး တိုးတက်မှုများ၊ နောက်ဆုံးပေါ် အချက်အလက်များကို သိရှိစေရေးအတွက် ဌာန၌ အဖွဲ့တစ်ခုဖွဲ့စည်းလေ့လာကာ သက်ဆိုင်ရာဌာနခွဲများထံ ဖြန့်ဝေပေးရမည် ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုအရှိန်တိုးမြှင့် လုပ်ဆောင်စေလိုပါကြောင်း၊ ဈေးကွက်မတင်မီ စစ်ဆေးခြင်းကို လုပ်ဆောင်နေသည်သာမက ဈေးကွက်ထောက်လှမ်း စောင့်ကြည့်ခြင်းနှင့် ရှောင်တခင်စစ်ဆေးခြင်းတို့ကို ယခုထက် ပိုမိုပြုလုပ်သွား စေလိုပါကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု၊ ဦးတည်ချက်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ စသည်တို့ ပါဝင်သော သတင်းလွှာကို လစဉ်ပြုစုထုတ်ဝေကာ နှီးနွှယ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များထံသို့ လည်းကောင်း၊ အင်တာနက်စာမျက်နှာမှ တစ်ဆင့်လည်းကောင်း ဖြန့်ဝေစေလိုပါကြောင်း၊

 

ဖြည့်စွက်စာများသည် ပုံမှန်အစားအစာများနှင့် ဆေးဝါးကုသမှုများကို အစားထိုးနိုင်မှု မရှိဆိုသည့်အချက်အား ပြည်သူများ ပိုမိုသိရှိစေရေးအတွက် အသိပညာပေးခြင်းအပါအဝင် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ယခုထက်ပိုမိုကာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်စေလိုပါကြောင်း၊ စစ်ဆေးထားပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်အမှတ်အသားများ ကပ်ထားနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း စသည်တို့နှင့် ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ ဆေးပစ္စည်းကိရိယာဆိုင်ရာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှု၊ အမျိုးအမည် စုံလင်များပြားလာမှုတို့ကြောင့် ဆေးပစ္စည်း ကိရိယာများကို စစ်ဆေးခြင်းလုပ်ငန်းများသည် ကျယ်ပြန့်များပြားပါကြောင်း၊ ဆေးပစ္စည်းကိရိယာ စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများအတွက် ပုံမှန်သင်တန်းများ၊ လေ့လာသင်ကြားမှုများ ပြုလုပ်ဆောင်ရွက်ရန် ရေတို၊ ရေရှည်အစီအစဉ်များချမှတ် ဆောင်ရွက်စေလိုပါကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) နှင့် အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) တို့တွင် ဟောပြောပို့ချမှုများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးချက်များ၊ အကြံပြုချက်များကို ဦးစီးဌာနမှ တာဝန်ရှိသူများ အနေဖြင့် အသေးစိတ် သီးခြားဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်စေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်တို့က နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ လုပ်ငန်းများအား ခြုံငုံရှင်းလင်းတင်ပြသည်။

 

ထို့နောက် အစားအသောက်ဌာနခွဲ၊ ဆေးဝါးဌာနခွဲ၊ ဆေးပစ္စည်း၊ အလှကုန်/ လူသုံးကုန်ဌာနခွဲ၊ ဓာတ်ခွဲဌာနခွဲနှင့် စီမံရေးရာဌာနခွဲတို့မှ တာဝန်ရှိသူများက ဌာနခွဲအလိုက် ဖွဲ့စည်းပုံ၊ ဝန်ထမ်းအင်အား၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ဖြည့်ဆည်းရန်ကိစ္စရပ်များကို ပွင့်လင်းစွာဖြင့် ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ချက်ချင်းဖြည့်ဆည်းပေးနိုင်သည်များကို ဖြည့်ဆည်းပေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို တာဝန်ရှိသူများနှင့် စီစဉ်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်