မန္တလေး ၂၅ ဖေဖော်ဝါရီ

 

အစားအသောက်နှင့်ပစ္စည်း ရောင်းချသူတွေအတွက် အခကြေးငွေဖြတ်တောက်မှု လုံးဝမရှိဘဲ ဖုန်းနဲ့ငွေပေးချေနိုင်မယ့် စနစ်တစ်ခုဖြစ်သည့်  Mandalay Smart Pay (MSP Wallet) အက်ပလီကေးရှင်းကို မတ်လ ၁၄ ရက်မှာ စတင်မိတ်ဆက်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

အဆိုပါ အက်ပလီကေးရှင်းသည် စည်ပင်သာယာနှင့်ပတ်သက်ပြီး ပေးဆောင်ရမည့်အခွန်အခများ ပေးဆောင်နိုင်ခြင်း၊ အစားအသောက်နဲ့ပစ္စည်း ရောင်းချသူတွေအတွက် အခကြေးငွေဖြတ်တောက်မှု လုံးဝမရှိတဲ့ ဖုန်းနဲ့ငွေပေးချေနိုင်မယ့် စနစ်တစ်ခုဖြစ်​​ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ရတနာပုံဘဏ်နှင့် 2C2P Co.Ltd. တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

 

'မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကို ပေးဆောင်ရမယ့် အခွန်အခတွေကို အက်ပလီကေးရှင်းကနေ ပေးဆောင်နိုင်မယ်။ ဥပမာ ၁၃၄၅ ကျပ်ကျသင့်တယ်ဆိုပါစို့ အရင်က ၁၅၀၀ ပေးရပေမဲ့ MSP နဲ့ဆိုရင် ၁၃၄၅ ကျပ်အတိအကျပေးလို့ရမှာ ဖြစ်ပါတယ်'ဟု မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီဝင် ဉီးကျော်ဆန်းမြင့် က ပြောသည်။

 

လက်ရှိအချိန်တွင် အိမ်ခွန်၊ မြေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်သိမ်းဆည်းခတွေကို bill လာဝေတဲ့သူကို mobile transfer ဖြင့် စတင်ပေးဆောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။

 

QR code ပါသည့်  bill များထုတ်ပေးမည်ဖြစ်ပြီး  bill အဆိုပါ QR code ကို scan ဖတ်ပြီး ၂၄နာရီ ငွေပေးချေနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

 အကောင့်ဖွင့်ခြင်း၊ ငွေဖြည့်သွင်းခြင်းများကို စည်ပင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ၊ AYA ဘဏ်ခွဲအားလုံး၊ ရတနာပုံဘဏ်၊ convenient stores တွင်လည်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

'ဆိုင်ကယ်အပ်တဲ့အခါ၊ သန့်စင်ခန်းသုံးတဲ့အခါ၊ လမ်းဘေးစျေးကောက် ကောက်တဲ့အခါ၊ ကွမ်းယာဝယ်တာ မုန့်ဝယ်တာကအစ အနုတ်မရှိလို့တွေ့ရမဲ့ အခက်အခဲတွေ လုံးဝပျောက်သွားမှာပါ'ဟု မြို့တော်ဝန်ဒေါက်တာရဲလွင်က သူ၏ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

 

Game card တွေ၊ ကားလက်မှတ်၊ လေယာဉ်လက်မှတ်တွေကိုလည်း MSP မှ ပေးချေနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

 

Mandalay Smart Pay (MSP Wallet) အက်ပလီးကေးရှင်း ဆောင်ရွက်ရန် နည်းပညာကို စက်ာပူနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသားပိုင် 2C2P ကုမ္ပဏီက မေတ္တာဖြင့် အခမဲ့ ကူညီဆောင်ရွက်ပေးခြင်း ဖြစ်သည်။

 

2C2P ကုမ္ပဏီကို ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံသား စွန့်ဉီးတီထွင်သူ ဉီးအောင်ကျော်မိုးက ထိုင်းနိုင်ငံတွင် စတင်တည်ထောင်ခဲ့ပြီး အွန်လိုင်းငွေပေးချေမှုကို ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီဖြစ်သည်။

 

2C2P ကုမ္ပဏီသည် ငွေကြေးဆိုင်ရာအဖွဲ့အစည်းများ ဘဏ်များ အွန်လိုင်းကုန်သွယ်မှု ( e-Commerce ) မိုဘိုင်းကုန်သွယ်မှု (m-Commerce) လုပ်ငန်းများနဲ့ လက်တွဲလုပ်ကိုင်လျက်ရှိပြီး နေ့စဉ် အမေရိကန်ဒေါ်လာ သိန်းပေါင်းများစွာကို တွက်ချက်ဖြတ်သန်းပေးနေတဲ့အတွက် နည်းပညာပိုင်းကို Singapore Thailand Malaysia Myanmar Philippines Indonesia Cambodia ၊  Hong Kong ၊  Netherland နှင့် USA နိုင်ငံတွေမှာ ဖွင့်လှစ်ထားသည်။

 

မို့မို့