ရန်ကုန်   ၁၀  ဇွန် 

 

ရန်ကုန်နည်းပညာတက္ကသိုလ်(YTU) တွင် B.E (Food Engineering) ဘွဲ့ကြိုတန်း နှင့် ကျောက်ဆည်နည်းပညာတက္ကသိုလ်တွင် Food Biotechnology (သို့) Food Bioprocess Engineering ဘွဲ့ဒီပလိုမာတန်းများကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။ 

 

အိမ်နီးချင်း နိုင်ငံအတော်များများတွင် Food  Science & Technology ဘွဲ့ကြိုတန်းများကို တက္ကသိုလ်တန်းအဆင့် ဖွင့်လှစ်သင်ကြားနေပြီး မြန်မာနိုင်ငံတွင် ဘွဲ့ကြိုတန်းမရှိသဖြင့် နိုင်ငံတကာတွင် ပြုလုပ်သည့် Food Competition ပြိုင်ပွဲများကို FoSTA Myanmar နိုင်ငံကိုယ်စားပြု လေ့လာသူအနေဖြင့်သာ ပါဝင်ခွင့်ရပြီး၊ ယှဉ်ပြိုင် ခွင့် မရှိသေးကြောင်း၊ ဘွဲ့ကြိုတန်း သင်ကြားမှု စတင်ပါက သတ်မှတ် ချက်အတိုင်း ပါဝင် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်နည်းပညာတက္ကသိုလ်(YTU)၊ Chemical Engineering ဌာနမှ ကထိက ဦးဇော်လေးဝင်း က “ ကျွန်တော်တို့ နိုင်ငံမှာက ဘွဲ့ကြိုတန်းမရှိဘူး၊ အဲတစ်ခု ထူးခြားနေတာပေါ့၊ ဒါပေမယ့် ဒီနှစ်ကစပြီး ဘွဲ့ကြိုတန်းဖွင့်ဖို့ ခွင့်ပြုမိန့်ရသွားတယ်၊ ဒီနှစ် ဆယ်တန်း အောင်တဲ့ ကလေးတွေ ရန်ကုန်နည်းပညာတက္ကသိုလ် Chemical Department မှာ B.E (Food Engineering) ၆နှစ်တန်းကို စဖွင့်ပြီ၊ ပထမနှစ်ကနေ ပဉ္စမနှစ်အထိက စာပဲ သင်မယ်၊ နောက်ဆုံးနှစ်မှာ စက်ရုံတွေလက်တွေ့ဆင်းမယ်၊ Thesis နဲ့ ပရောဂျက် တစ်ဘာသာ လုပ်ရမယ်၊ YTU မှာ ဆရာ၊ ဆရာမ ၂၄ဦးနဲ့ အလုံအလောက်ရှိနေပါပြီ၊ B.E Food Engineering တန်းမှာ Food Science၊ Food Chemistry၊ Food Processing၊ Food Engineering၊ Food Preservation၊ Food Microbiology၊ Food Toxicology၊ Food Post Service Technology၊ Food Enzymology နဲ့ ကျန်တာတွေ ရှိသေးတယ် အင်ဇိုင်းတွေက စားသုံးသူကို ဘယ်လို action ပေးလည်းဆိုတာ လေ့လာရမယ့် ဘာသာရပ်တွေ ပါတယ်” ဟု ပြောသည်။ 

 

ရန်ကုန်တက္ကသိုလ်တွင် B.Sc Engineering in Food Technologyနှင့် RIT တွင် ၁၉၇၄ ခုနှစ်က Post Graduate Diploma of Food Technology-DFT တစ်နှစ် သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၉ ခုနှစ်ခန့်တွင် Master of Food Technology-MFT မဟာတန်းတို့ကို ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ လက်တွေ့စမ်းသပ်ရန် စက်ပစ္စည်း အခက်အခဲရှိသဖြင့် ရပ်နားခဲ့ပြီး ဒီပလိုမာတန်းကို ၂၀ဝ၆ ခုနှစ်ထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်နည်းပညာတက္ကသိုလ်တွင်၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစ၍ ဖွင့်လှစ်မည့် Food Biotechnology သို့မဟုတ် Food Bioprocess Engineering ဘွဲ့လွန်ဒီပလိုမာတန်းကို ဘွဲ့ရသူတိုင်း လျှောက်ထားနိုင်ကြောင်း သိရသည်။

 

သတင်း၊ ဓာတ်ပုံ - သန့်ဇင်ဝင်း